တိုက်ပွဲတွေအတွင်း မှော်လုပ်သားတွေ ပိတ်မိနေ
2018.01.28
ကချင်ပြည်နယ် တနိုင်းဒေသက မှော်နယ်မြေတွေတဝိုက်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အဲဒီမှော်တွေမှာ လုပ်ကိုင်နေကြသူတွေ သူတို့ရဲ့ မူလရပ် ရွာတွေကို ပြန်လို့မရဘဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ဖုန်းနဲ့ဆက်သွယ်ပြီး အကြောင်းကြားထားတယ်လို့ တနိုင်းမြို့ခံ ဦးစောမင်းအောင် က ဒီကနေ့ ပြောပါတယ်။
"အခုမှော်ထဲကနေထွက်လာတဲ့ဟာက လမ်းမှာပဲရှိနေတယ်၊ ချောင်းဝနဲ့လာတဲ့လမ်းပေါ့၊ တပ်က လည်း ချောင်းဝကနေပြီးတော့ အထက်ကိုတက်သွားတယ်၊ ဟိုဘက်ကလည်းဆင်းလာတယ်ဆိုတော့ အဲဒီလမ်းကြားထဲမှာကို ဖြတ်လို့မရဘူးဖြစ်နေတာ ပိတ်မိနေတာဗျ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အကြောင်းကြား ဖုန်းနဲ့ဆက်သွယ် တယ်၊ ဆက်သွယ်ပြီးတော့ နယ်လုံဝန်ကြီးကို ပြောပေးဖို့ ပြောထားတယ်ဗျ၊ ဒါပေမဲ့ အခုအချိန်အထိ ဘာမှတော့ ထူးခြားမှုရှိမလာသေးဘူး၊"
လတ်တလော တနိုင်း-ဟူးကောင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လက်နက်ထိမှန်မှု တွေနဲ့အတူ မိုင်းနင်းမိမှုတွေကြောင့် လူတွေ ထိခိုက်သေဆုံးနေပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-တနိုင်း ခရီးသွားလာမှုတွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေလည်း လျော့ကျသွား တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပိတ်မိနေတဲ့ မှော်လုပ်သားအရေအတွက် အတိအကျမသိနိုင်သေးဘူးလို့ ဦးစောမင်းအောင်က ပြောပါတယ်။
တနိုင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လို့ နိုင်ငံတော်ရဲ့ သယံဇာတတွေ ဆုံးရှုံးနေတဲ့အတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှာကြောင့် အဲဒီဒေသမှာလုပ်ကိုင်နေသူတွေ အနေနဲ့ ၂၀၁၇ ဇွန်လ ၁၅ ရက်နေ့ မှာ နောက်ဆုံးထားထွက်ခွာကြဖို့နဲ့ မထွက်ခွာသူတွေကို ကေအိုင်အေအဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ် မှာဖြစ်ကြောင်း တပ်မတော်က ၂၀၁၇ ဇွန်လ ၅ ရက်နေ့က ရဟတ်ယာဉ်ပေါ်ကနေ စာတွေကြဲချပြီး အသိပေးခဲ့ ပါတယ်။
အဲဒီလို အသိပေးပြီးနောက်ပိုင်းကစလို့ တပ်မတော်နဲ့ ကေအိုင်အေ အကြား နှစ်ဘက် စစ်ရေးလှုပ်ရှားမှုတွေနဲ့ အတူ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
တနိုင်းဒေသမှာ မြန်မာနိုင်ငံအနှံ့တိုင်းရင်းသားပြည်သူတွေဟာ ရွှေနဲ့ ပယင်းတူးဖော်ရေးတွေမှာ လာရောက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။