စစ်ကိုင်းမှာ စစ်တပ်သိမ်းဆည်း လယ်မြေများ ပြန်လည်ပေးအပ်ပွဲ ကျင်းပ
2014.04.11

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရေမျက်ရွာနဲ့ လယ်ကြီးရွာက တောင်သူ ၇၈ ဦးဆီက လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ကို စစ်တပ်က တောင်သူတွေဆီ ပြန်လည်ပေး အပ်ပွဲကို စစ်ကိုင်းမြို့တော်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က ပိုင်ဆိုင်မှုအထောက် အထားတွေကို အဆင့်ဆင့်တင်ပြခဲ့တဲ့အတွက် ဒီနေ့ လယ်ယာမြေပြန်လည်ရရှိခဲ့တာလို့ လယ်ကြီးရွာ က တောင်သူ ဦးမောင်ငယ်က ပြောပါတယ်။
"ကျနော်တို့ အမိအဖတွေ အဘိုးအဘွားတွေ လက်ထက်က ပိုင်ဆိုင်တဲ့မြေတွေပါ၊ အဲဒါတွေကို ပြန်လည်လုပ်စားခွင့်ပြုပါဆိုပြီးတော့ ကျနော်တို့က လျှောက်လွှာတင်လိုက်တယ်၊ မြို့နယ်ရော ခရိုင်ရော မြေစာရင်းရောပေါ့ဗျာ၊ အဲဒီ ခမရ ၃၃ ကိုလည်းတင်လိုက်တယ်၊ တင်လိုက်တော့ စစ်တပ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက တောင်သူတွေရော၊ ရပ်မိရပ်ဖတွေရော၊ အုပ်ချုပ်ရေးမှူးရော ခေါ်ပြီးတော့ ပြန်လည်ပြီးတော့ စွန့်လွှတ်ပါတယ်၊ တောင်သူတွေ ကို ပြန်ပေးမယ်ဆိုပြီးတော့ ၃ လပိုင်း ၂၉ ရက်နေ့ကပြောပါတယ်"
အဲဒီဧက ၅၀၀ ကျော်ကို စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က သံချပ်ကာတပ် သင်တန်းကျောင်း တည်ဆောက်ဖို့ သိမ်းဆည်းခဲ့ပေမယ့် သင်တန်းကျောင်းမဆောက်ဘဲ တပ်ဖူလုံရေးအတွက် နှစ်ပေါင်းများစွာ သီးစားချထားတာလို့ သိရပါတယ်။
ဒီနေ့ အခမ်းအနားမှာ မှုလပိုင်ရှင် တောင်သူ ၇၈ ဦးကို လယ်ယာမြေယာယီ ပြန်လည်လုပ်ကိုင်ပိုင်ခွင့် လျှောက်လွှာပုံစံ (၃) ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်