လုံခြုံရေးအတွက် အစိုးရကို ကူညီဖို့ နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ်
2017.08.13

နိုင်ငံရဲ့ လုံခြုံရေးပြဿနာကို အစိုးရကို ကူညီဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ်တယ် လို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ ပြည်တွင်း ပြည်ပဆက်ဆံရေးဌာန၊ ဌာနမှူး ဗိုလ်မှူးကြီး အောင်မြင့်ဦး က ပြောပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ သုံးရက်တာကျင်းပနေတဲ့ မြန်မာဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ နောက်ဆုံး ရက် ဒီနေ့မှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာပါဝင်နေမှုကို ဘယ်အချိန်မှာ ဘယ်လိုဆုတ်သွားဖို့အစီအစဉ်ရှိလဲဆိုတဲ့ သတင်းထောက် တဦးရဲ့မေးမြန်းချက်အပေါ် ဗိုလ်မှူး ကြီး အောင်မြင့်ဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ပထမဦးဆုံး တပ်မတော်ပါတယ်ဆိုတာကိုက လုံခြုံရေးပြဿနာတွေကို အစိုးရကိုကူညီပြီးတော့မှ ဖြေ ရှင်းပေးတာလေ၊ အဲဒီတော့ အစိုးရက ဒီနိုင်ငံကြီးတစ်ခုလုံး စည်းနဲ့ကမ်းနဲ့ အသားကျသွားအောင် ဘယ်လောက်ထိ ကိုင်တွယ်နိုင်လဲ၊ ဖြေရှင်းနိုင်လဲ၊ အဲဒီလို ဖြေရှင်းနိုင်တဲ့အခါမှာလည်း သူကိုယ်တိုင် မဖြေရှင်းနိုင်ရင် တပ်မတော်ကို အသုံးချနေရဦးမှာပါ၊ အဲဒီလို ပြဿနာတွေ အမြဲရှိနေသရွေ့ကတော့ တပ်မတော်နဲ့ အစိုးရနဲ့ အသုံးချရတာနဲ့ အသုံးချခံတာနဲ့ ဘယ်လိုပဲပြောပြောပေါ့၊ ဒါကတော့ရှိနေမှာပဲ"
စစ်ဘက်- အရပ်ဘက်ဆက်ဆံရေးဟာ အကူးအပြောင်းကာလမှာ အရေးကြီးသလို မြန်မာနိုင်ငံဟာ ထိခိုက်မှု အနည်းဆုံးနဲ့ ညင်သာစွာကူးပြောင်းနိုင်ခဲ့တယ် လို့ ဆွေးနွေးပွဲပထမရက် က "တပ်မတော်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ်ရေးစနစ်ကို နိုင်ငံရေးအကူးအပြောင်းကဏ္ဍ" ဆွေးနွေးရာမှာပြောကြား ထားပါသေးတယ်။
သုံးရက်တာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ စစ်ဘက်မှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေး သို့ ၊စစ်ပွဲမှသည်ငြိမ်းချမ်းရေး ဆီသို့ ခေါင်းစဉ်တွေနဲ့ နယ်ပယ်အသီးသီးက တက်ရောက်လာတဲ့ပညာရှင်တွေ က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။