တပ်မတော်ပစ်ခတ်မှုကြောင့် စစ်တွေဒေသခံတစ်ဦး သေဆုံး


2019.08.02
chitthuaung-622.jpg တပ်မတော်ဘက်က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုချစ်စုအောင်ရဲ့ ရုပ်အလောင်းကို ၂ဝ၁၉ သြဂုတ် ၂ ရက်နေ့က တွေ့ရစဉ်
Photo: Twan Twan Kyaw

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ မနေ့ညက တပ်မတော်ဘက်က ပစ်ခတ်လို့ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

မနေ့ည ၁၁ နာရီလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့နယ်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် နှစ်စီးကို မင်းချောင်းတံတားအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာကနေ ဆိုင်ကယ်တစ်စီးက မရပ်တန့်ဘဲ မောင်းနှင်သွားလို့ဆိုပြီး တပ်မတော်က ပစ်ခတ်လိုက်ရာ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ကိုချစ်သူအောင် ဖြစ်ပါတယ်။

သူဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာ သွားရောက် အလုပ်လုပ်ကိုင်သူဖြစ်ပြီး နေအိမ်ကို ပုံမှန် နေ့စဉ်ပြန်လာနေသူဖြစ်တယ်လို့ မိသားစုဝင်က RFA ကို ပြောပါတယ်။

"ပြန်နေကျပါ။ ဘာမှအန္တရာယ်မရှိပါဘူး။ အခုမှဖြစ်တာ"

ဒီမနက်မှာ သူ့ရဲ့ ရုပ်အလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကြားသိရတာဖြစ်ပြီး မိသားစုကို တရားဝင်အသိပေးတာမရှိဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မနေ့ညက တပ်မတော်က ပစ်ခတ်လိုက်တာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"အဲမှာစစ်တဲ့အခါမှာ အရှေ့ကတစ်ယောက်က ဇော်မြင့်လွင်က အစစ်အဆေးခံတယ်။ ဇော်မြင့်လွင် နဲ့ ဆုံးသွားတဲ့ ချစ်သူအောင်နဲ့က ဆိုင်ကယ်က နည်းနည်းကွာတယ်။ အရှေ့ကတစ်ယောက်ကို စစ်တဲ့အချိန်မှာ အနောက်က ဆိုင်ကယ်ကို တားတာကို မရပ်ဘဲ အရှိန်နဲ့ မောင်းပြေးသွားတယ်။ အနောက်ကနေ အော်ပြီး ဆိုင်ကယ်ရပ်ဖို့ ပြောတာကို မရပ်ဘူး။ မရပ်တော့ ကျွန်တော်တို့က ပစ်ခတ်ပြီး ဟန့်တားလိုက်တာ။ အဲဒီအချိန်မှာ ကျည်ထိမှန်ပြီး ဆုံးသွားတာ"

ဒါ့အပြင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို လက်မခံရင် ဒီလိုဖြစ်စဉ်တွေ ရှိနေဦးမှာပဲလို့လည်း ပြောပါတယ်။

မနေ့ညက အဲဒီပစ်ခတ်မှုမဖြစ်ခင် ဆိုင်ကယ်ရပ်တန့်ပေးပြီး စစ်ဆေးခံခဲ့တဲ့ ကိုဇော်မြင့်လွင် ဆိုသူကိုတော့ ပုဒ်မ - ၁၄၄ ကို ဖောက်ဖျက်ကျူးလွန်လို့ဆိုပြီး ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်သွားမယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ည မထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလမှာ စတင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက - ရခိုင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ဥပဒေက နောက်တစ်ပိုင်း။ ဒေသခံ ရွာသူရွာသားတွေကတော့ တပ်မတော်ပေါ့လေ။ အရပ်စကားနဲ့ ပြောရင် စစ်တပ်ပေါ့။ စစ်တပ်က သေနတ်ကိုင်ပြီး ရွာထဲဝင်လာရင် ရွာသားတွေကတော့ ကြောက်တာပဲ။ စစ်တပ်က သူတို့ကို ရိက္ခာပေးဖို့ လာတာလား၊ ကောင်းကျိုးဆောင်ဖို့ လာတာလား၊ ဘာလား မသိဘူး။ သူတို့ခေါင်းထဲမှာ ရှိတာက တပ်မတော်ဆိုတာဟာ ကြောက်စရာကြီးပဲ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ မလုံခြုံမှုတွေက တအားဖိစီးနှိပ်စက်သွားပြီ"

ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် ကျန်းမာရေး လိုအပ်ချက်အရ သွားလာဖို့ မဖြစ်မနေလိုအပ်လာပြီဆိုရင် အကြောင်းကြားပြောဆိုပြီး သွားလာနိုင်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရတာ၊ လက်နက်ကြီးကျည် ထိမှန်တာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် သေဆုံးသူဟာ ၈၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ကျည်တွေ၊ မိုင်းတွေကြောင့် ဒဏ်ရာနဲ့ ဆေးရုံတက် ကုသခဲ့ရသူတွေကတော့ ၁၀၀ ကျော်အထိ ရှိပါတယ်ရှင်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။