အစိုးရစစ်တပ် ပစ်ခတ်လို့ ခရီးသည်သေဆုံး


2015.05.02

မေလ ၂ ရက်နေ့ မနေ့က လားရှိုးကနေ မိုးကုတ်ကို သွားတဲ့ ခရီးသည်တင် ဗင်ကားတစီးကို ကျောက်မဲမြို့အနီး ပန်ဂွမ်ရွာအရောက်မှာ ဒေသအခြေစိုက် အစိုးရတပ်ရင်း ၁ဝ၇ တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၂ဝ အရွယ် ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

နေ့လည် ၁ နာရီခန့်က ဖြစ်ပွားတဲ့အဲ့ဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့အမျိုးသမီးကို တပ်ရင်း ၁ဝ၇ စစ်သားတွေက အနီးအနားမှာရှိတဲ့ အိမ်တစ်လုံးကို သယ်သွားပြီးနောက် စစ်တပ်က ဆေးမှူးတစ်ဦး လာရောက်ကြည့်ရှုကာ ပစ်ခတ်ခံရတဲ့ ဗင်ကားနဲ့ပဲ ကျောက်မဲဆေးရုံကို ပို့ခိုင်းခဲ့ပါတယ်။ နေ့လည် ၃ နာရီခန့် ဆေးရုံရောက်ရှိချိန်မှာ လူနာသေဆုံးပြီးဖြစ်တယ်လို့ ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအောင်အောင်က RFA ကို ပြောပါတယ်။

"အရေးပေါ်ဆရာဝန်လေးတွေ သူတို့ကြည့်ထားတာဆိုတော့ ကျနော်တို့ဆီကိုရောက်တော့ ၃ နာရီလောက်ပဲ၊ ကျနော်တို့ဆီရောက်တော့ အသက်မရှိတော့ဘူးဗျ၊ ဒီနေ့မှ အလောင်းခွဲမလားမသိဘူး၊ လောလောဆယ်တော့ ကျနော်တို့ ရေခဲတိုက်မှာထည့်ထားတယ်၊ ကျနော်တို့က အခုအထိတော့ အလောင်းမခွဲစိပ်ရသေးဘူး"

အစိုးရစစ်တပ်က အဲ့ဒီနေရာမှာ လာတဲ့ကားတွေကိုတားပြီး ငွေကြေးကောက်ခံလေ့ရှိကြောင်းနဲ့ အခု အပစ်ခံရတဲ့ ကားက ရပ်တံ့ခိုင်းတဲ့နေရာကို အနည်းငယ်ကျော်သွားခဲ့ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ကြောင်း ဒေသခံ တအန်းအမျိုးသမီးအဖွ့ဲ အထွေထွေအတွင်းရေးမှူး လွေးပိုးညူး က RFA ကိုပြောပါတယ်။

"သူတို့က အခွန်ပိုက်ဆံတောင်းတယ်ပေါ့နော်၊ ဒီအတိုင်းပဲ ကားက သူတို့ကိုရပ်ခိုင်းတဲ့နေရာကို နည်းနည်းတော့ကျော်သွားတာပေါ့၊ အချိန်နဲ့လာတယ်ဆိုတော့ ကားကနည်းနည်းကျော်သွားလို့ အဲ့ဒါပစ်တာ၊ ပထမဦးဆုံး ကားကတော့ထိတာပေါ့နော်၊ နောက်တစ်ခုက အသက် ၂ဝ ကျော် ခရီးသည်အမျိုးသမီး တစ်ယောက် ထိတာပါ"

အဲ့ဒီခရီးသည်အမျိုးသမီးဟာ ကျောက်မဲဆေးရုံကိုမပို့ခင် အခင်းဖြစ်ပွားရာဒေသမှာပဲ သေဆုံးတာလား ဒါမှ မဟုတ် ဆေးရုံပို့စဉ် လမ်းမှာသေဆုံးသွားတာလားဆိုတာ မသိရသေးပါဘူး။ မြန်မာအစိုးရအာဏာပိုင်တွေ ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး လားရှိုးမြို့ရှိ တအန်းအမျိုးသမီးအဖွ့ဲ အထွေထွေအတွင်းရေးမှူး လွေးပိုးညူး နဲ့ ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအောင်အောင်တို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တအန်းအဖွဲ့က အထွေထွေအတွင်းရေးမှူး လွေးပိုးညူးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာကို ဦးစွာနားဆင်ပါ။

အခုဆက်လက်ပြီး ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအောင်အောင်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။