ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ တပ်မတော် မျှော်လင့်


2017.02.28
myatunoo-army-press-620.jpg တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

တပ်မတော်အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကနေ ငြိမ်းချမ်းရေးရရှိမယ်လို့ ယုံကြည်ကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ ၁၀၀ ရာခိုင်နှုန်း မျှော်လင့် ထားကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ နိုဝင်ဘာလအတွင်း အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ့တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်တာတွေ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ရှိတယ်ဆိုပြီး ပြည်ပမီဒီယာတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုနေတဲ့အပေါ် တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး ငြင်းဆိုပါတယ်။

ဒါ့အပြင် မောင်တောဒေသမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက် တဲ့ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကသာ လုံခြုံရေးဆောင်ရွက်နေကြောင်း တပ်မတော်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးထံ အစီရင်ခံစာတင်ပြကြောင်းလည်း ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ပတ်သက်မှုမရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရဲ့ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး တပ်မတော်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။