TNLA အဖွဲ့ဟာ လူမဆန်တဲ့အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း တပ်မတော်က စွပ်စွဲ
2019.08.23

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို TNLA က တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ဟာ အကြမ်းဖက်ရုံမက လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တပ်မတော်က ဒီကနေ့ ပြစ်တင်စွပ်စွဲလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်-ထွန်းထွန်းညီက အဲဒီလို ပြစ်တင်စွပ်စွဲပြီး ရှုတ်ချလိုက်တာဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုမှာ ပြင်ဦးလွင်တစ်ခုတည်းသာ တပ်မတော်နဲ့ ဆက်စပ်တဲ့နေရာဖြစ်ပြီး၊ ရှမ်းပြည်မြောက် ပိုင်းက ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ပြည်ထောင်စု လမ်းမကြီးကို ဖျက်ဆီးတာဟာ ပြည်သူကို ထိခိုက်တဲ့ လုပ်ရပ်၊ နိုင်ငံတော်အစိုးရကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။ အဲဒီနောက် နောင်ချို မူးယစ်ဆေးဝါးဂိတ်မှာ တာဝန်ကျတဲ့ စစ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦးကို TNLA က အရှင်လတ်လတ်ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တာဟာ အကြမ်းဖက်ရုံမက လူမဆန်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ ပြစ်တင်ရှုတ်ချပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရပုဂ္ဂိုလ် မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီစွပ်စွဲချက် မမှန်ကန်ကြောင်း၊ အပြန်အလှန် ပစ်ခတ်ခဲ့တာသာဖြစ်ပြီး ဘယ်သူ့ကိုမှ ရက်ရက်စက်စက် သတ်ဖြတ်ဖို့ အချိန်မရှိဘူးလို့ ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးကလည်း TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ လှုပ်ရှားရာ အရှေ့မြောက်ဒေသမှာ တပ်မတော်ကနေ မူးယစ်ဆေးဝါးတန်ဖိုး ကျပ်ငွေ ဘီလျံနဲ့ချီပြီး ဖမ်းဆီး ခဲ့တာကြောင့် TNLA ဘက်က လက်စားချေတဲ့အနေနဲ့ သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သယောင် ပြောကြားသွားပါတယ်။
မူးယစ်ဆေးဝါးနဲ့ TNLA လုံးဝမပတ်သက်ဘူးလို့ မိုင်းအိုက်ကျော်က ပြန်လည်ငြင်းဆိုပါတယ်။ သြဂုတ် ၁၅ ရက်တိုက်ခိုက်မှုဟာ တပ်မတော်ရဲ့ ထိုးစစ်တွေကို TNLA ဘက်က လက်တုံ့ပြန်တာသာဖြစ်တယ်လို့ ရှင်းလင်းပါတယ်။