AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲခံရသူ ၁၂ ဦးကို တရားရုံးကပြန်လွှတ်ပေး
2020.01.08
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်တဲ့ ငှက်ဖျားမိ လူနာတစ်ဦးကို မြောက်ဦးဆေးရုံကို ပို့ဆောင်ဖို့ လာရောက်စဉ် ချောင်းသစ်ကျေးရွာအနီးအရောက်မှာ အမှတ် (၂၂) တပ်မ လက်အောက်ခံ အမှတ်(၈၁) ခြေမြန်တပ်ရင်းက ဒုတိယ ဗိုလ်မှူးကြီး ခွန်သာ ဦးစီးတဲ့ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
စတင်ဖမ်းဆီးခံရစဉ်က ကိုသိန်းထွန်းလှပါ ၁၃ ဦးဖြစ်ပြီး အဲဒီအထဲက ငှက်ဖျားမိလူနာဖြစ်တဲ့ မောင်လှမောင်ဝင်း (ခေါ်)ညီပုချေကတော့ တပ်မတော်စစ်ကြောင်းကဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့ပါတယ်။
ကျန်တဲ့ ကိုသိန်းထွန်းလှအပါအဝင် ၁၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က) တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီအမှုမှာပဲ ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ ဦးခိုင်သုခနဲ့ ဦးစံရွှေမောင်တို့ကိုပါ အလားတူ ပုဒ်မနှစ်ခုနဲ့ တစ်မှုတည်း စွဲဆိုထားတာလည်းဖြစ်ပါတယ်။
သူတို့ကို တရားခံပြေးအဖြစ် သတ်မှတ်ထားတာကြောင့် AA ခေါင်းဆောင်တွေရဲ့ အမှုဟာ ဆက်စပ်အမှုတွဲအဖြစ် ဆက်လက်ရှိနေအုံးမှာဖြစ်ပါတယ်။
တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၁၂ ဦးနဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ကိုချမှတ်ခဲ့တာပါ။
ဒါပေမဲ့ အမှုမှာ ခိုင်လုံတဲ့သက်သေတွေ မရှိတဲ့အတွက် မှားယွင်းဖမ်းဆီးမှုလို့သုံးသပ်ပြီး ပြန်လွှတ်ပေးခဲ့တာလို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
“စွဲဆိုထားတဲ့တိုင်ချက်အပေါ်မှာ ထောက်ခံထွက်ဆိုတဲ့ သက်သေထွက်ချက်ဟာ တစ်စုံတစ်ရာ မပေါ်ပေါက်ဘူး။ ဒါကြောင့် ဆယ်လကျော် ဖမ်းဆီးချုပ်နှောင် တရားရင်ဆိုင်ရတဲ့လူတွေကို ဒီအကြမ်းဖက်ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ စွဲချက်တင်စရာအကြောင်းမရှိဘူး၊ မှားယွင်းမှုလို့ သတ်မှတ်တယ်ဆိုပြီးတော့ စွဲချက်မတင်ဘဲလွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်ပါတယ်”
ဒီအမှုကို တပ်မတော်စစ်ကြောင်းကနေ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲအပ်ပြီးနောက် ဒုရဲမှူး အောင်သူရက တရားလိုပြုလုပ်ပြီး စွဲဆိုခဲ့တာပါ။
အမှုမှာ တရားလိုအပါအဝင် လိုပြသက်သေ ၁၇ ဦးရှိခဲ့ပေမယ့် အဲဒီအထဲက တပ်မတော်သား သက်သေ သုံးဦးနဲ့ ရဲသက်သေငါးဦးတို့ကို လာရောက်ထွက်ဆိုဖို့ တရားရုံးက ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ထွက်ဆိုခဲ့တာမရှိခဲ့ဘူးလို့ ရှေ့နေတွေကပြောပါတယ်။
အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကတော့ တရားရုံးတော်ဟာ ဥပဒေနဲ့အညီ တိတိကျကျဆုံးဖြတ်တာကိုမြင်ရတယ်လို့ ပြောပါတယ်။
“တရားစီရင်ရေးအပိုင်းကတော့ ဥပဒေနဲ့အညီဖြစ်ပါတယ်။ ဟိုးအရင်ကလို အပေါ်ကဖိအားပေးပြီးတော့ အမိန့်ချဖို့ညွှန်ကြားတာမျိုးတော့ ကျနော်တို့ မတွေ့ရဘူးခင်ဗျ။ အဓိကက အခင်းဖြစ်တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့သူတွေက လာရောက်သက်သေထွက်ဆိုခြင်း မရှိတဲ့အခါမှာ အမှုမှာစွပ်စွဲခံရသူတွေကို စွဲချက်တင်နိုင်လောက်တဲ့ သက်သေထွက်ချက်တွေကို ကျနော်တို့ မတွေ့ရတဲ့အတွက်ကြောင့် တရားရုံးက တရားရှင်လွှတ်တာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ကျနော်တို့ကပြောရမှာဖြစ်ပါတယ်”
ဒီနေ့ပြန်လည်လွတ်မြောက်လာသူတွေအထဲမှာပါဝင်တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ကိုစည်သူအောင်ကတော့ တပ်မတော်က စစ်ဆေးခဲ့တဲ့ဒဏ်တွေကြောင့် ဖမ်းဆီးခံထားရစဉ် ဆေးကုသမှု ငါးကြိမ်အထိ ခံယူခဲ့ရတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။
“ကျနော်တို့က နေမကောင်းဖြစ်နေတဲ့သူတွေကို ဆေးရုံကိုပို့တဲ့အချိန်မှာ လမ်းမှာ စစ်တပ်ကနေပြီးတော့ ဖမ်းတယ်။ စစ်တပ်ကဖမ်းဆီးပြီးနောက် ရိုက်တယ်၊ နှက်တယ်။ အဲဒီနောက် ရဲလက်ထဲအပ်တယ်။ ရဲလက်ထဲရောက်ချိန်မှာ စစ်ကြောရေးမှာတုန်းက ရှော့တိုက်တာတွေကို ကြုံခဲ့ရတယ်။ အဲဒီဒဏ်တွေကြောင့် ထောင်အချုပ်ထဲရောက်လာချိန်မှာတော့ သွေးအန်တယ်။ ဆေးရုံကို ငါးကြိမ်လောက် တက်ခဲ့ရပါတယ်”
တပ်မတော်ပြောခွင့်ရသူတွေကတော့ သံသယနဲ့ခေါ်ယူစစ်ဆေးသူတွေကို တပ်မတော်က ဥပဒေအတိုင်း စစ်ဆေးတာဖြစ်ပြီး ရိုက်နှက်၊ ညှဉ်းပမ်းနှိပ်စက်ပြီး စစ်ဆေးတာလုံးဝမရှိဘူးလို့ ပြောဆိုထားကြပါတယ်။
ဒီနေ့တရားရုံးကလွတ်မြောက်လာသူတွေဟာ အချိန် ၁၀ လကြာ ထိန်းသိမ်းစစ်ဆေးခံခဲ့ကြရတာ ဖြစ်ပါတယ်။
အပြစ်မရှိဘဲ အခုလို လပေါင်းများစွာထိန်းသိမ်းစစ်ဆေးခံရတဲ့အတွက် နစ်နာမှုတွေရှိခဲ့တယ်လို့ ဒီနေ့လွတ်မြောက်လာတဲ့ ကိုဇော်မင်းထွန်းရဲ့ဖခင် ဦးကျော်ဝင်းတင်က ပြောပါတယ်။
“ဖမ်းဆီးခံရပြီးနောက် နစ်နာမှုတွေကတော့ ရှိခဲ့တာပေါ့။ အရင်လုပ်လက်စ စီးပွားရေးလုပ်ငန်းတွေ ဘာမှမလုပ်နိုင်ခဲ့ဘူး။ မိဘတွေမှာလည်း ထိခိုက်ပျက်စီးတယ်။ သားကိုအားကိုးပြီးလုပ်ခဲ့တဲ့ အလုပ်တွေဟာ သားဖမ်းဆီးခံနေရတော့ လယ်ယာလုပ်ငန်းတွေကို ဘာမှမလုပ်ခဲ့ရဘူး”
ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးခဲ့သူတွေအထဲမှာ အခုလိုအပြစ်မရှိသူတွေလည်း ပါဝင်တာကြောင့် သူတို့ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ပြောလာသူက ဒီနေ့လွတ်မြောက်လာသူ ကိုစည်သူအောင်ရဲ့ ဖခင် ဦးမောင်သောင်းအေး ဖြစ်ပါတယ်။
“အမှုမမြောက်ဘဲဖမ်းထားတဲ့သူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့သားတွေမှာလည်း အပြစ်မရှိခဲ့ဘူး။ နောက်ထပ်ဖမ်းထားတဲ့သူတွေမှာလည်း အပြစ်မရှိဘူးဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာတွေက ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်ပြီး အကြမ်းဖက်ဥပဒေနဲ့အမှုရင်ဆိုင်နေရသူ လေးဦးကို စစ်တွေခရိုင်တရားရုံးက မှားယွင်းဖမ်းဆီးမှုလို့သုံးသပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ပတ်သက်လို့ သံသယနဲ့ အမှုဖွင့်ခံရထားရသူဟာ ၅၀၀ ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။