ဘုရားသုံးဆူတဝိုက်မှာ တပ်မတော် က အင်အားတိုးချထားတာတွေကို ရုပ်သိမ်းမည်


2017.03.06
naingwinhla-620.jpg မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်သစ်ပါတီနဲ့ အစိုးရတပ်မတော်တို့အကြား တင်းမာမှုတွေကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲတဝိုက်မှာ တပ်မတော် က အင်အားတိုးချဲ့ ချထားတာတွေကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

အရင်စစ်ရေးတင်းမာတုန်းက တပ်ဖက်ကတိုးချဲ့ချထားတဲ့ တပ်တွေကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ အရှေ့တောင် တိုင်းစစ်ဌာချုပ်တာဝန်ရှိသူတွေ က ခေါ်ယူပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဆက်ဆံရေး တာဝန်ခံ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ က ပြောပါတယ်။

"တပ်မတော်နဲ့ ကျနော်တို့ မွန်ပြည်သစ်ပါတီအကြားမှာ မပြေလည်မှုတွေ ဖြစ်လာခဲ့တယ်ပေါ့လေ၊ ပြေလည်မှု ရလာတဲ့အပေါ်မှာ သူတို့ဘက်က အင်အားတိုးချဲ့ချထားတာကို ပြန်ရုပ်နေပြီဆိုတဲ့အကြောင်း ပြောတယ်"

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေတွေဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ NMSP က ဦးဆောင်ကျင်းပတဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ လက်နက်ကိုင် ဆောင်ပြီး စစ်ရေးပြအခမ်းအနားမလုပ်ဖို့ တပ်မတော်က သတိပေးခဲ့ပေမယ့် စစ်ရေးပြခဲ့တာကြောင့် နှစ်ဖက်ကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတင်းမာမှုတွေကြောင့် ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေး စက်တစ်လုံး သိမ်းဆည်းခဲ့ပါတယ်။

အလားတူ ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူ မြို့အထွက်နားက မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်နှစ်ခုဖြစ်တဲ့ ဘုရားတောင် ဂိတ်စခန်းနဲ့ သံဖြူဇရပ်မြို့ အဝင်မှာရှိတဲ့ ဇီးနှစ်ပင်ဂိတ်စခန်းတို့ကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘီးခွန်ကောက်ခံတဲ့ ဂိတ် ၂ ခု ကို ဖယ်ရှားပေးထားရတယ်လို့လည်း ပြောပါတယ်။

အစိုးရတပ်မတော်ယာဉ်တွေဟာ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူတစ်လျောက်မှာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး စစ်ရေးတင်းမာခဲ့တာကြောင့် ဒေသခံတချို့ဟာ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင် ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။