လက်ပံတောင်းဒေသ ဇီးတောရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရ
2013.08.06
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာကို အရပ်ဝတ်နဲ့ လူတစု ဒီမနက် ၂ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး လူလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇီးတောကျေးရွာ စမ်းမြဝတီဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပြီး ရွာသားလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဗထူးက ပြောပါတယ်။
“အရပ်ဝတ်တွေနဲ့ အယောက် ၃ဝ လောက်ရှိမယ်၊ ဇီးတောရွာက ဘုန်းတော်ကြီးကျောင်းကို ဝင်စီးတာပါ၊ အပြင်မှာတော့ အယောက် ၅ဝ လောက် ဘေးပတ်ချာလည်မှာ ကာထားတာပေါ့၊ အမှောင်ထဲမှာကွယ်ပြီးတော့၊ ဇီးတောရွာပတ်ချာလည်မှာ မီးမရှိဘူး၊ ကျောင်းထဲကိုဝင်လာတဲ့အခါ မီးထိုးလိုက်တဲ့အခါကျတော့ မီးလင်းတော့ ကျောင်းထဲကို အယောက် ၃ဝ လောက် အုပ်စုလိုက်ကြီး ဝင်လာတာတွေ့ရတယ်၊ ဦးဇင်းတစ်ပါးရှိမယ်၊ ကျောင်းတိုက်ဆရာတော်ရှိမယ်၊ နောက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုထက်ဆိုတဲ့ကလေးတစ်ယောက်က နဂိုကအဲကျောင်းမှာနေတယ်ပေါ့၊ ကြိုပြီးတော့ သတင်းရတဲ့အတွက်ကြောင့်မို့ သူတို့အဲကျောင်းမှာမနေဘူး၊ သူတို့တစ်ယောက်မှမမိတော့ ကျောင်းမှာရှိတဲ့ ပြတင်းပေါက်မှန်တွေ အကုန်ရိုက်ခွဲသွားတယ်ခင်ဗျ၊ ရွာသားလေးယောက်လည်း ဖမ်းသွားတယ်”
ဖမ်းဆီးသူတွေ ဘယ်သူဖြစ်တယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရပေမဲ့ အဖမ်းခံခဲ့ရသူလေးဦးထဲက နှစ်ဦးဟာ လက်ထိပ်တန်းလန်းနဲ့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဇီးတောရွာသား မောင်တူးနဲ့ ကိုတင်လင်းတို့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။