KNU ထိန်းချုပ်နယ်မြေမှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
2024.08.17

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်မှုတွေကြောင့် ဒီရက်ပိုင်းအတွင်း အရပ်သားသေဆုံး ထိခိုက်တာတွေနဲ့ နေအိမ်အဆောက်အုံ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၉ လသားအရွယ် ကလေးတစ်ဦး သေဆုံးပြီး လူရှစ်ဦးဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံအပါအဝင် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးထိခိုက်သူတွေက ကော့ကရိတ်မြို့နယ်၊ ထီးမူးထရွာနဲ့ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ရွာက ဒေသခံ အရပ်သားတွေလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံး တိုက်ခိုက်မှုတွေကြောင့်လည်း ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းရွာက ဆေးရုံတစ်ခု၊ စာသင်ကျောင်းတစ်ကျောင်း၊ သပြေညွန့်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကျောက်ကြီးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က မထင်ရင် မထင်သလို လက်နက်ကြီးတွေနဲ့ ဟိုပစ်ဒီပစ် အမြဲတမ်းပစ်နေတာ။ နေ့တိုင်း၊ ညတိုင်း ပစ်နေတာ။ ဘယ်အချိန် ကိုယ့်အိမ်ပေါ်လက်နက်ကြီး ကျလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတယ်။ အပြင်လည်း မထွက်ရဲဘူး။ ဘယ်မှလည်း သွားလာလို့မရ။ နေရတာ ကျီးလန့်စာ စားနေရသလိုပဲ။ လက်နက်ကြီးသံတွေကလည်း အချိန်အခါမဟုတ် အမြဲပစ်တယ်။ လေယာဥ်သံကြားရင်လည်း ကြောက်နေရတယ်။ ကိုယ့်အပေါ် ဘယ်အချိန် ကျလာမလဲဆိုတဲ့ စိတ်နဲ့ပေါ့"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ကျောက်ကြီးမြို့နယ်ထဲမှာ ဇွန်လနဲ့ ဇူလိုင်လ နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ကိုးဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။