မင်းတပ်မှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး
2024.08.11
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အနီးက ၀ဥခြံထဲကို ကျရောက်ပေါက်ကွဲချိန် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ဒေါ်လိန်းရှဲင်းဖြစ်ပြီး သူရဲ့ သမီးဖြစ်သူ ခြောက်နှစ်အရွယ် ကလေးကတော့ လက်တစ်ဖက် ပြတ်သွားတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က စံရွာက စစ်ဘေးရှောင်နေကြတာ၊ အဲဒီသားအမိက ၀ဥခြံ သွားပြန်ကြည့်ကြတာ။ အဲဒီမှာ လက်နက်ကြီးပြီးတော့ မိခင်ဖြစ်သူက ပွဲချင်းပြီး ဆုံးတယ်၊ သမီးလေးက လက်ပြတ်သွားတယ်။ သူ့ယောက်ျားဆိုရင် ဇနီးသည်နာရေးတောင် ကိုယ်တိုင်မလုပ်ပေးနိုင်ဘူး သမီးလေးကို ဆေးကုဖို့ ဆေးရုံပို့ပေးနေရလို့”
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၂) ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။