မြောက်ဦးမြို့ပေါ် လက်နက်ကြီးပေါက်ကွဲလို့ လူလေးဦးသေပြီး နေအိမ်တွေမီးလောင်

RFA Burmese
2024.01.28
မြောက်ဦးမြို့ပေါ် လက်နက်ကြီးပေါက်ကွဲလို့ လူလေးဦးသေပြီး နေအိမ်တွေမီးလောင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် မီးလောင်နေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို ဇန်နဝါရီလ ၂၇ ရက် ညပိုင်းကနေ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အထိ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ အလယ်ဈေးရပ်ကွက်က နေအိမ် နှစ်ဆယ်နီးပါး မီးလောင်တဲ့အပြင် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ-၃၇၇ နဲ့ ခမရ-၅၄၀ တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ မြောက်ဦးမြို့အလယ်ကောင် လူအစည်ကားဆုံးနေရာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရောက်နေတဲ့ မြောက်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကုန်သည်တန်းလမ်းဆုံက အိမ်တွေ မီးလောင်ကုန်တာပါ။ ဒီကနေ့ မနက်ပိုင်း မီးလောင်နေတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာတက်လာတာကြောင့် စိုးရိမ်ပြီး အိမ်ကိုဖုန်းဆက်ကြည့်တော့ အခုထိ ပစ်နေတုန်းပဲလို့ ကြားပါတယ်။ ဖုန်းထဲကနေလည်း လက်နက်ကြီးထုသံတွေ ကြားနေရတယ်"

မြောက်ဦးမြို့ဟာ လက်တလောမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေပြတ်တောက်နေပါတယ်။

ဒါကြောင့် အသေးစိတ်အခြေအနေတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ တိတိကျကျ မသိရသေးပါဘူး။

ဒေသတွင်းမီဒီယာတွေမှာတော့ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံးတဲ့အပြင် နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားနေကြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်က တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။