မဲဆန္ဒရှင်စာရင်း စစ်ဆေးဖို့ ရုပ်ရှင် စာပေအနုပညာရှင်တွေ တိုက်တွန်း
2015.09.20

လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒစာရင်းအမည်တွေကို သွားရောက်စစ်ဆေးကြဖို့နဲ့ မဲစာရင်းမှားနေ တာတွေ တွေ့ရှိရင် ပြင်ကြဖို့ကို အနုပညာရှင်တွေနဲ့ စာပေပညာရှင်တွေ စုစုပေါင်း ၂ဝ လောက်က ဒီနေ့ တိုက်တွန်းပြောကြားပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Shangrila Hotel မှာ အနုပညာရှင်တွေက သတင်းမီဒီယာတွေ ကနေတဆင့် ပြည်သူတွေ မဲဆန္ဒရှင်စာရင်းတွေ သွားစစ်ကြဖို့ တိုက်တွန်း တာ ဖြစ်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
"ယုံကြည်ပါတယ်၊ အမတို့အနုပညာသမားတွေရဲ့လှုပ်ရှားမှုမှာ အမတို့ကို ချစ်တဲ့ပရိတ်သတ်တွေ၊ ပြည်သူတွေ ကလည်း အနုပညာရှင်တွေတောင် ဒီလောက် စိတ်ပူပြီးပြောနေကြတယ်ဆိုရင်တော့ ဒါဟာအရေးကြီးပါလား ဆိုတဲ့ အသိတစ်ခုတော့သူတို့ရင်ထဲကိုရောက်သွားမှာပါ၊ အမတို့ထင်ပါတယ်၊ မဲစာရင်းကြည့်တဲ့ လူဦးရေက ဒီထက်ပိုပြီးတိုးတက်လာမှာပါ၊ မဲစာရင်းမှားတာနဲ့ ပတ်သက်ပြီးတော့ UEC ကလည်းပြောတယ်၊ ဝန်ထမ်းတွေ ရဲ့မကျွမ်းကျင်မှု၊ နောက်တစ်ခုကတော့ ကွန်ပျုတာမှာအချက်အလက်တွေထည့်တာ မကျွမ်းကျင်မှု ပေါ့နော်၊ ဒီအားနည်းချက်တွေကြောင့်လို့ပြောတယ်၊ အဲ့လိုအကြောင်းပြချက် တွေကိုတော့ အမတို့ သဘောမကျပါဘူး"
မဲပေးတဲ့ရက်မှာ အရင်ကလို အမှန်ခြစ်တာ မဟုတ်တော့ဘဲ တံဆိပ်တုံးထုရမှာ ဖြစ်တဲ့အတွက် မှားယွင်းမှုတွေ များနိုင်ကြောင်းလည်း ပြောပါတယ်။ ဟောပြောပွဲ ကို တက်ရောက်လာသူ ရုပ်ရှင် သရုပ်ဆောင် အဆိုတော် ချစ်သုဝေ က ခုလိုပြောပါတယ်။
"အဆင်မပြေမှုတွေ၊ မညီမျှမှုတွေ၊ ခံစားရမှုတွေကို ငြီးတွားနေရုံနဲ့ မပြီးဘူး၊ ငြီးတွားမှုတွေကနေရုန်းထွက်ဖို့ အတွက် ဒီရွေးကောက်ပွဲဟာအကောင်းဆုံး အခွင့်အရေး၊ ကိုယ်စီကိုယ်စီရရှိတဲ့အခွင့်အရေးကို အမိအရဆုပ် ကိုင်နိုင်ဖို့ဆိုတာ မဲပေးပိုင်ခွင့် ဖြစ်တယ်၊ မဲပေးပိုင်ခွင့်ရှိဖို့က မဲစာရင်းထဲမှာပါဝင်မှဖြစ်မယ့်အတွက် မဲစာရင်း ကြည့်တာ ဟာလည်း မဲသွားပေးရမယ့်နေ့လိုအရေးကြီးတယ်၊ ပြည်သူတွေအားလုံးက အချိန်တန်ရင်မဲသွားပေး လိုက်ရုံပါပဲဆိုတာမျိုးမဟုတ်ပဲ မဲစာရင်း ကိုသွားကြည့်ကြပါ၊ သွားကြည့်ရင် ကိုယ်နာမည်တွေပါအောင်စစ်ပါ၊ ကိုယ်နာမည်ပါရင် မှန်အောင်စစ်ပါ၊ မပါဝင်ဘူး၊ မမှန်ကန်ဘူးဆိုရင် လျှောက်လွှာ အသီးသီးနဲ့ ပြန်ပါဝင် လာအောင် ပြုလုပ်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းနှိုးဆော်တဲ့ ရည်ရွယ်ချက်ပါ"
လက်ရှိမှာ နောက်ဆုံးအကြိမ်မဲစာရင်းတွေကို ထုတ်ပြန်ထားပြီး ကျား၊ မ မှားတာ၊ မွေးသက္ကရာဇ် မှားတာအပြင် အရင်က ပါတဲ့အမည်စာရင်းတွေ မပါတာတွေ လည်း ရှိနေတာကြောင့် မဲပေးခွင့်ရှိသူတိုင်း သွားရောက်စစ်ဆေး ကြဖို့ကိုလည်း တိုက်တွန်းပြောကြားပါတယ်။
ဒီနေ့ အနုပညာရှင်တွေနဲ့ စာရေးဆရာတွေစုဝေးကြတာဟာ ဘယ်နိုင်ငံရေးပါတီကိုမှ မဲပေးဖို့ တိုက်တွန်းနေတာ မဟုတ်ဘဲ လူတိုင်းမဲစာရင်းသွားစစ်ကြဖို့ကိုသာ တိုက်တွန်းတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီအကြောင်း ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာ ကို နားဆင်နိုင်ပါတယ်။