အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ
2012.05.14
အာဆီယံ လူ့အခွင့်အရေးကော်မရှင်က မူကြမ်းရေးဆွဲနေတဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို အချောသတ် အတည်ပြုနိုင်ရေးအတွက် ဇွန်လ(၃) ရက်ကနေ (၆) ရက်ကြား ရန်ကုန်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဓမ္မ မြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေပြီး အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း ရေးဆွဲရေးမှာ မြန်မာပြည်သူတွေ ပါဝင်ခွင့် မရနိုင်သေးတာကြောင့် ခုလိုကာလအတွင်း မြန်မာနိုင်ငံမှာ ဒီလို အာဆီယံအစည်းအဝေးတွေ ကျင်းပဖို့စောသေးကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ထောက်ပြ ပြောဆိုပါတယ်။
"ဒီဇွန်မှာ ကျင်းပမည့် ဒီ AICHR ရဲ့ အစည်းအဝေးက နည်းနည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု သူတို့ရေးဆွဲနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အတည်ပြုဖို့ရှိတယ်။ အဲဒီ အတည်မပြုခင်မှာ လူထုအဖွဲ့အစည်း အသီးသီးနဲ့ သူတို့တွေ့ဆုံဖို့အတွက် ပြင်ဆင်နေတယ်။ အဲဒီလို ပြင်ဆင်တဲ့အချိန်မျိုးမှာ ဒီလူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့ အနေအထားမျိုး အခုလို မြန်မာနိုင်ငံ အခြေအနေမှာ အခုချိန်အထိ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ သဘောမျိုး မရှိသေးဘူး။ ပြောဆိုမဲ့သူတွေ သွားလာဖို့ အတွက် ဗီဇာကိစ္စ လွယ်ကူဖို့အတွက် အဲဒီလိုဖြစ်နိုင်မဲ့ အနေအထားမျိုး မရှိသေးဘူး။ လူ့အခွင့်အရေးကိစ္စတွေကို အရှေ့တောင်အာရှဒေသ တစ်ခုလုံးနဲ့ ယှဉ်ပြီး ပြောဆိုနိုင်ဖို့ အခြေအနေက အခုထက်ထိ မရှိသေးဘူး"
ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ပေါ်ပေါက်လာတယ် ဆိုပေမယ့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်နေကြပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာပါ။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |