ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် လာသူကို နေရပ်ပြန်ပို့

ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာ စောင့်ကြည့်တဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီနေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

2012.03.20
somsri-hananuntasuk-b305 ၂၀၀၈ ခုနှစ် ဘင်္ဂလားဒေ့ချ်နိုင်ငံ ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ Ms. Somsri Hananuntasuk (ယာစွန်)ကိုတွေ့ရစဉ်။
Photo courtesy of Asian Network for Free Election website

မတ်လ ၂၀ရက် နေ့လယ် သုံးနာရီမှာ Ms.Somsri Hananuntasuk နဲ့ ANFREL အဖွဲ့သားလေးဦး တည်းခိုနေထိုင်တဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ Orchid Hotel ရဲ့ ရှစ်လွှာမှာရှိတဲ့ ရုံးခန်းကို လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်တဲ့အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး၊ Ms.Somsri Hananuntasuk ကို အဓိကထား စစ်ဆေးမေးမြန်းခဲ့တယ်လို့ ANFREL နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်၊ အာရှရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Ms. Somsri Hananuntasuk ဟာ မတ်လ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကို တတိယအကြိမ် ရောက်ရှိလာပြီး၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းများကို သတင်း မီဒီယာသမားများနဲ့ တက်ကြွလှုပ်ရှားသူများကို ပို့ချခြင်းကြောင့် ယခုလို ထိုင်းနိုင်ငံကို အမြန်ပြန်ပို့ခံရတာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ANFREL အဖွဲ့ဟာ မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် လေ့လာခွင့်ပေးဖို့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖေဖော်ဝါရီလအတွင်းက အကြောင်းကြားစာတစ်စောင်ပို့ပြီး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

၎င်းအဖွဲ့ဟာ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကာလအတွင်းကလည်း မြန်မာနိုင်ငံအတွင်းမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ပြုလုပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ အဲဒီကာလတုန်းကလည်း ANFREL အဖွဲ့သားတစ်ချို့ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်မှုနဲ့ ထိုင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-20 16:22

ဖိတ်ချင်တဲ့လူ ဖိတ်ပြီး မဖိတ်ပဲလာတဲ့လူတော့ ပြန်လွှတ်တယ်ဆိုတော့ ဒီကြားဖြတ်ရွေးကောက်ပွဲအပေါ် သူတို့ဘယ်လိုသဘောထားလဲ အသိသာကြီးပဲ။