မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆို
2015.03.09

တောင်ကြီးမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ရှမ်းပြည်တောင်ပိုင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မိုင်းတုံမြို့ခံတွေ ရဲ့ ဆွေးနွေးပွဲမှာ မိုင်းတုံရေကာတာကို ရပ်ဆိုင်းထားဖို့ သဘောထားရှိကြောင်း ဆွေးနွေးပွဲမှာပါဝင်သူ ကိုဣန္ဒ က ပြောပါတယ်။
"တိုင်းရင်းသားတွေရဲ့ သဘောတူညီမှုမရခင်မှာတော့ ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ဘဲနဲ့ ရပ်ထားစေချင်တယ်ပေါ့၊ နို့မို့ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ၊ မငြိမ်းချမ်းမှုတွေ၊ ပြဿနာတွေ၊ စစ်ပွဲတွေ အားလုံးဖြစ်ပေါ်လာနိုင်ပါတယ်"
အဲဒီရေအားလျှပ်စစ်စီမံကိန်းဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်း ၆ ခုထဲမှာ အကြီးဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထွက်ရှိမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ရေကာတာ စီမံကိန်း ၆ ခုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့လျှပ်စစ်ဓါတ်အားတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ထွက်ရှိမယ့် လျှပ်စစ်အားပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။