မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် ဆန်းစစ်ရေးကော်မရှင် အစည်းအဝေး ကျင်းပ
2016.08.22

ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ကျင်းပပြီး ပထမအကြိမ် တင်သွင်းရမယ့် အစီရင်ခံစာကို အချိန်မီရေးဆွဲပေးပို့နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပြီး အစီရင်ခံစာ ရေးဆွဲနိုင်ဖို့ တာဝန်တွေ ခွဲဝေကြတယ် လို့ ကော်မရှင်အဖွဲ့ဝင် ဆည်မြောင်းပညာရှင် ဦးချိုချိုက ပြောပါတယ်။
"ကျွမ်းကျင်မှုအလိုက် ဘာတွေတာဝန်ယူကြမလဲဆိုတာ ခွဲဝေကြတယ်။ ပြည်သူတွေရဲ့ တောင်းဆို ချက်တွေ ပြည်သူတွေရဲ့အသံတွေကို မမေ့ဘဲ လုပ်သွားကြမှာပါ။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘယ် လိုတွေ ဖြစ်ပေါ်လာတာလဲ ဆိုတာတွေကို မနက်ဖြန်ပြောကြမှာဖြစ်ပါတယ်။ စာချုပ်စာတမ်းတွေကိုလည်း သတ်မှတ်ထားတဲ့နေရာမှာ လေ့လာခွင့်ရမှာပါ။ အပြင်ကိုယူသွားခွင့်တော့မရှိပါဘူး။"
အဲ့ဒီကော်မရှင်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ ပါဝင်သလို ရေအရင်း အမြစ်၊ ဆည်မြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ဘူမိဗေဒ စတဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။
အဲ့ဒီကော်မရှင်ရဲ့သက်တမ်းကို သတ်မှတ်ထားခြင်းမရှိသေးဘဲ ပထမဆုံးအစီရင်ခံစာကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပါတယ်။