ဘောကထ ရေအားလျှပ်စစ် စီမံကိန်း


2016.05.09
sawtardohmu-622.jpg KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zarni Htun/RFA

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ ဘောကထ ရေအားလျှပ်စစ် စီမံကိန်း နဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ပိုင်တဲ့ သူးလေကုမ္ပဏီ နဲ့ နော်ဝေ Norconsult ကုမ္ပဏီတို့ နှစ်နှစ်ကြာ လေ့လာမှု ပူးပေါင်း ပြုလုပ်ပြီးနောက်မှ ဆက်လုပ်သင့် - မလုပ်သင့် ဆိုတာ ဆုံးဖြတ်မှာဖြစ်ကြောင်း စီမံကိန်းနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက ဒေသခံတွေကို ဒီနေ့ ပြောကြားခဲ့ပါတယ်။

ဘောကထရေအားလျှပ်စစ် စီမံကိန်းကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော် ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကျောက်ကြီး မြို့နယ် မေတ္တာရပ်ကွက်မှာ စီမံကိန်း လုပ်ဆောင်မယ့် ကုမ္ပဏီ နှစ်ခု၊ KNU တာဝန်ရှိသူတွေက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ KNU ဗဟိုစီးပွားရေးကော်မတီဝင် ပဒိုစောတာဒိုမူးက ပြောဆိုခဲ့တာဖြစ်ကြောင်း ပွဲကိုတက်ရောက် ခဲ့တဲ့ ရွှေကျင်မြို့နယ် MATA အဖွဲ့က ဦးချိုဝင်း က ပြောပါတယ်။

"ကြိုတင်လေ့လာစမ်းသပ်မှုကာလ ပထမ ၈ လ တစ်ကြိမ် ပေးထားပါတယ်၊ ဒါပြီးတဲ့အခါမှာ နောက်ထပ် ၁၆ လ ဒါကိုစမ်းသပ်လေ့လာမယ်၊ ၂ နှစ်အတွင်းမှာပဲ ဒါကိုအပြီး သူတို့ခိုင်မာတဲ့ အစီရင်ခံစာတစ်ခုကို ထုတ်မယ် လို့ ပြောပါတယ်၊ ဒီအစီရင်ခံစာက သူတို့အတွက် အင်မတန်လည်း အရေးကြီးတယ်ပေါ့နော်၊ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ သူတို့တွေ့ရှိချက်တွေ လုပ်ဖြစ် မလုပ်ဖြစ်ပေါ့နော်၊ လုပ်လို့ရတယ် မရဘူးပေါ့နော်၊ အဲ့ဒီအနေအထားတွေကို သူတို့အစီရင်ခံစာထွက်လာမှပဲ ဒီဘောကထ ရေအားလျှပ်စစ်က ဖြစ်နိုင်ချေရှိ မရှိ အဲ့တော့မှ ကျနော်တို့ တိတိကျကျသိမှာ"

၂ နှစ်ကြာ ကြိုတင်လေ့လာမှုစစ်တမ်းအတွက် နော်ဝေနိုင်ငံ Norconsult ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မှာဖြစ် ပြီး စီမံကိန်းအကောင်အထည်ဖော်ဖြစ်တဲ့အခါ စီမံကိန်းတစ်ခုလုံးကို KNU ကရင်အမျိုးသားအစည်းအရုံးပိုင် သူးလေ ကုမ္ပဏီက တာဝန်ယူမှာဖြစ်ပါတယ်။

စီမံကိန်းလေ့လာဆန်းစစ်မှုအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သူးလေကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့က နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပါတယ်။

ဘောကထရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသ ခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက စိုးရိမ်နေ ကြပါတယ်။

တွေ့ဆုံပွဲကို ပဒဲကော၊ မဘီး၊ ဘောကထ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၆၀ ကျော်က လူဦးရေ ၂၅၀ လောက်တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။