ငြိမ်းစုစီဥပဒေ ပြည်ထောင်စု တင်မည်
2016.08.25

ပုဒ်မ ၁၈ လို့ လူသိများတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြား သဘောထား ကွဲလွဲနေတဲ့အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ အတည်မပြုနိုင်သေးဘဲ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့အကြား သဘောထားကွဲလွဲချက်တွေရှိတာကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။
"ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အပေါ်မှာ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ဥပဒေပါ၊ ဒါကြောင့် အဓိကအချက်တွေမှာ သိပ်ပြီးတော့ ကွဲလွဲမှုမရှိပါဘူး၊ နိုင်ငံသူနိုင်ငံသားများဟာ သူတို့ရဲ့ဆန္ဒ ကို ဖော်ထုတ်လို့ရပါတယ် ဆိုတဲ့အပေါ်မှာလည်း တူညီပါတယ်၊ ဒီလိုဖော်ထုတ်ချင်တဲ့အခါမှာ တားဆီးကန့်ကွက်မှု မလုပ်ရဘူးဆိုတာ ဒါကိုလည်း ကျနော်တို့က သဘောတူညီကြပါတယ်၊ သို့သော်လည်း ကျနော်တို့က ဆိုင်းပုဒ်ကိုင် ပြီးသွားမယ်ဆိုတာတို့၊ ကြွေးကြော်သံများ ကြွေးကြော်မယ်လို့၊ နောက်စီတန်းကြတဲ့အခါမှာ ဘယ်လိုအချက် အလက်တွေ ပါသင့်တယ်ဆိုတဲ့ ဒီလိုအချက်အလက်မျိုးတွေမှာတော့ ကွဲလွဲတာတွေရှိပါတယ်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ သဘောတူညီတဲ့အချက်က အချက်ပေါင်း ၃ဝ ရှိပါတယ်၊ သဘောမတူညီ တဲ့အချက်က အချက်ပေါင်း ၃၆ ရှိပါတယ်၊ ဒီလိုသဘောမတူတဲ့အချက်ကလည်း ခုနကပြောတဲ့ အဓိကကျလွန်းတဲ့ အချက်များ မဟုတ်ပါဘူး၊ ဆန္ဒပြရမယ် မပြရဘူး ခွင့်ပြုမိန့်တောင်းရမယ် ဆိုတဲ့အချက်များ မဟုတ်ပါဘူး"
ဆန္ဒပြတဲ့အခါ တစ်ဦးဦးကို ပါဝင်စေဖို့ ခြိမ်းခြောက်တာ၊ အတင်းအကျပ်အနိုင်ထက်ပြုတာနဲ့ မလျော်သြဇာသုံးခြင်းတို့ မပြုလုပ်ရလို့ ဖြည့်စွက်ပြဌာန်းထားပါတယ်။
ခွင့်ပြုချက်နဲ့ စီတန်းလှည့်လည်သူတွေကို နှောင့်ယှက်ဖျက်ဆီးဟန့်တားတာ၊ လက်ရောက်ကျူးလွန်တာ၊ ဘေး အန္တရာယ်ဖြစ်အောင်လုပ်ရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ် တစ်သိန်းထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပါရှိပါတယ်။
သက်ဆိုင်ရာကို အသိပေးတင်ပြခြင်းမရှိဘဲနဲ့ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ရင် သုံးလထက် မပိုတဲ့ ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ လည်း ပြဌာန်းထားပါတယ်။ ပြစ်မှုကို ထပ်မံကျူးလွန်ရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့က သဘောတူထားပါတယ်။