ဒေါ်အောင်ဆန်းစုကြည် အား AI အဖွဲ့ဆုကို ဘိုနိုက ပေးအပ်မည်
2012.05.30

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက AI အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို Ambassador of Conscience ဆု ချီးမြှင့်ခဲ့တာပါ။ ဒီဆုဟာ AI အဖွဲ့ရဲ့ အမြင့်ဆုံးဆု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံမှာ ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင် လက်ခံယူပြီး နောက်တစ်ရက် ဇွန်လ (၁၈) ရက်နေ့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှာ AI အဖွဲ့ရဲ့ ဆုကို လက်ခံမှာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရမှာ ဖြစ်ကြောင်း အဆိုတော် Bono က ပြောပါတယ်။ အဲဒီနေ့မှာ ကျင်းပမယ့် Electric Burma လို့ အမည်ပေးထားတဲ့ တေးဂီတပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အနေနဲ့ တက်ရောက်ဖွယ်ရှိပါတယ်။ ဒီပွဲမှာ နာမည်ကျော် အနုပညာရှင်တွေလည်း တက်ရောက်ကြမယ်လို့ AI အဖွဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။ ဇွန်လ (၃) ရက်နေ့မှာ ရန်ကုန် ပြန်သွားပြီး ဇွန်လလယ်ပိုင်းမှာ ဥရောပခရီး စတင်မှာ ဖြစ်ပါတယ်။