ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံကနေ သူ ၂၄ နှစ်ကြာ ခွဲခွာခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒီကနေ့ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

2012.06.19
၄ ရက်တာ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွက် ဇွန်လ ၁၉ ရက်နေ့က လန်ဒန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိလာစဉ်။
AFP

မနက်ဖြန် နေ့လည်ပိုင်းမှာ အောက်စ်ဖို့မြို့မှာ ကျင်းပမယ့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းပွဲ အခမ်းအနားကို တက်ရောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့မှာ နေထိုင်နေတဲ့ သားငယ် ကင် ဟာ မိသားစုပြန်လည် ဆုံဆည်းပွဲကို တက်ရောက်မှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာ နေထိုင်နေတဲ့ သားအကြီး Alexander ကတော့ လာ မလာ မသေချာသေးဘူးလို့ သိရပါတယ်။

ဒီနောက် အောက်စ်ဖို့တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်သလို အောက်စ်ဖို့တက္ကသိုလ် အကြီးအကဲတွေနဲ့ ပရိသတ်တွေကို မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်ပြီး တခြားကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောဖို့  ရှိပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ ဗြိတိသျှ အစိုးရပါလီမန်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်သလို ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကမ်မရွန်းအပြင် အိမ်ရှေ့မင်းသား Charles နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

မနေ့ကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ မှာ အေအိုင် ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဦးစီးကျင်းပတဲ့ ကမ္ဘာကျော် ယူတူး  ရော့ခ်တီးဝိုင်း ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အေအိုင်အဖွဲ့က ပေးအပ်တဲ့ Ambassador of Conscience Award ခံယူချက် ထူးချွန်မှုဆုကို လက်ခံရယူခဲ့ပြီး ဒီကနေ့ ကျရောက်တဲ့ သူ့ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။