ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ပြသရောင်းချပွဲကို ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ ဒီကနေ့ ဖွင့်လှစ်ကျင်းပပါတယ်။

2012.05.17
assk-photo-exhibition-b305 ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ခရီးလမ်းများ အမည်ရှိ ဓာတ်ပုံ ပြသရောင်းချပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် တက်ရောက်ကြည့်ရှုနေစဉ်။
RFA

ပြင်သစ်သံရုံးက ကြီးမှူးကျင်းပတဲ့ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လေ့လာခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့အတွက် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ပြောခွင့်ရှိသူ ဦးခွန်သာမြင့်က ပြောပါတယ်။

" ပြင်သစ်သံရုံးက ကြီးမှူးပြီးတော့ သူတို့ကအရင်ကတည်းက ဗမာပြည်က ဓာတ်ပုံဆရာတွေကို ထရိန်းလုပ်ပါတယ်။ သင်တန်းတွေလည်း ခဏခဏပေးတယ်ပေါ့။ အဲဒီအထဲက သူတို့ ပရောဂျက်လေးတစ်ခု အနေနဲ့ အစ်မ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက campaign trip တွေသွားတဲ့ အခါကျတော့ သူတို့လိုက်ရိုက်ကြတယ်ပေါ့။ အဲတော့ စာအုပ်တစ်အုပ်ထုတ်မယ်။ စာအုပ်အတွက် ရွေးထားတဲ့ဓာတ်ပုံလေးတွေ ရှိပါတယ်။ အဲတာကို အစ်မကိုပြတာပါ။ အပြင်မှာ public ကိုတော့ အဲဒီဓာတ်ပုံတွေထဲက သူတို့အနှစ်သက်ဆုံး ၂၅ ပုံကိုပြပါတယ်။ အဲတာကို ကြည့်ပြီးတော့ အစ်မနဲ့ စာအုပ်လေးအတွက် lay out တွေ၊ ဘာတွေလုပ်ဖို့အတွက် တိုင်ပင်နေကြပါတယ် "

ဓာတ်ပုံပညာရှင် ကိုအောင်ပြည့် ၊ ကိုမင်းဇေယျနဲ့ ကိုပြေကျော်မြင့်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်အတွင်း သူတို့ ရိုက်ကူးခဲ့တဲ့ ပုံတွေကို ခင်းကျင်းပြသထားပြီး ရန်ပုံငွေအဖြစ် ရောင်းချမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရောင်းရငွေတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်ဖြူဖြူသင်း ဦးစီးဆောင်ရွက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ၂၅ ပုံကို တစ်မျိုး ၁၅ ပုံသာ ထုတ်ဝေပြီး ပုံကြီး လက်မ ၃၀-၂၀ တစ်ပုံကို ဒေါ်လာ သုံးရာ၊ ပုံအသေးကို ဒေါ်လာ တစ်ရာနဲ့ ရောင်းချမှာဖြစ်ကြောင်း၊ မည်သူမဆို ဝယ်ယူနိုင်ကြောင်းလည်း သိရပါတယ်။ ဒီဓာတ်ပုံပြပွဲကို မေလ ၂၅ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။