ပိတ်ဆို့မှုအရေးပါပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံ့ရပ်တန့်ထားမှာကို သူကန့်ကွက်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် စည်းရုံးပြောဆိုရမှာ အရေးပါ ထိရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။

2012.05.15
bush-assk-video-speech-b305 ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ဝါရှင်တန်မြို့တော်တွင် ကျင်းပသည့် " လူသားတွေရဲ့ လွတ်လပ်ခြင်း " ညီလာခံ၌ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် ဗီဒီယိုမှ စကားပြောကြားနေသည်ကို အမေရိကန်သမ္မတဟောင်း George W. Bush (ဝဲ-ဒု)နှင့် သမ္မတကတော်ဟောင်း Laura Bush (ယာ-စွန်) တို့ နားထောင်နေကြစဉ်။
AFP

ဝါရှင်တန်မြို့တော်မှာ အမေရိကန် သမ္မတဟောင်း George W. Bush ဦးဆောင်ပြီး မနေ့က ကျင်းပတဲ့ "လူသားတွေရဲ့ လွတ်လပ်ခြင်း" အမည်ရှိ ညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဗီဒီယိုကနေ တဆင့် မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း George W. Bush ဟာ Bush Institute အမည်နဲ့ ကမ္ဘာ့အနှံ့အပြားက လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူတွေကို အကူအညီပေးနေသူ ဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ ညီလာခံမှာ သမ္မတကတော် Laura Bush က ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို -

"မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် လေ့လာသူတွေက အကောင်းမြင်တာ များလွန်းပါတယ်။ လက်ရှိ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။ စစ်တပ်က ဒီမိုကရေစီအရေးနဲ့ ပြောင်းလဲမှုတွေကို ထောက်ခံမှသာ အဆင်ချောမွေ့နိုင်မှာပါ "လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲမှုတွေကို မိမိတို့တိုင်းပြည်အနေနဲ့ တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တဦးမှ မရှိသင့်ပါဘူးလို့လည်း သူကပြောဆိုခဲ့ပါတယ်။

အဲဒီ ညီလာခံကို အမေရိကန် သမ္မတဟောင်း George W. Bush၊ သမ္မတကတော် Laura Bush တို့အပြင် သမ္မတဘုရ်ှ လက်ထက်က အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတွေနဲ့ လက်ရှိ အမေရိကန် နိုင်ငံရေးသမား အတော်များများ တက်ရောက်ခဲ့ပါတယ်။

ပရိတ်သတ်ရဲ့ မေးမြန်းချက်တွေအပေါ် မနေ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခဲ့တဲ့ အချက်တချို့ကို RFA အဖွဲ့သား ဦးဝင်းနိုင်က တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။