တိုင်းဝန်ကြီးချုပ် ပြောကြားချက်ကို ဒေသခံတွေ ကန့်ကွက်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေ တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေက ထောက်ခံကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောကြားချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။

အောင်သပြေကျေးရွာ ဒေသခံတွေ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: Khaymani Win/ RFA

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေက ထောက်ခံကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောကြားချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်တဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ ဒုတိယ တစ်နှစ်တာကာလ လုပ်ဆောင်ချက်များ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က အောင်သပြေကျေးရွာအနီးက စီမံကိန်းကို ထောက်ခံသူ ငါးထောင်ကျော် လက်မှတ်ရေးထိုးထားကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားခဲ့တဲ့အပေါ် ဒေသခံတွေက ဒီနေ့ မန္တလေးမြို့က မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာသား ကိုကျော်ဇေယျက အခုလို ပြောပါတယ်။

"ကျနော်တို့ရဲ့ အခုအုပ်စုသည် ၄ ရွာအုပ်စုပေါင်းရင်တောင်မှ ၅ ထောင်မကျော်ပါဘူး၊ အခုကတည်းကမှ မဆိုင်တဲ့ဆီကမှ  ဖွံ့ဖြိုးရေးဗန်းပြပြီးတော့မှ လက်မှတ်တွေ အမျိုးမျိုး လိမ်ကောက်ခဲ့ပါတယ်၊ အဲဒါတွေကို အခုနကပြောသလိုပါပဲ ဝန်ကြီးချုပ်ဆီရောက်တဲ့အခါမှာ ခေါင်းတွေပြောင်းပြီးတော့မှ ကုမ္ပဏီကိုထောက်ခံ ပါတယ်ဆိုတာ ဖြစ်သွားခဲ့တယ်၊ အဲဒါကို ဝန်ကြီးချုပ်က နယ်မြေကို ခြေတစ်ဖဝါးမှ မကျခဲ့ပါဘဲနဲ့၊ ဆင်းမကြည့် ပါဘဲနဲ့၊ မလေ့လာဘဲနဲ့ ဈန်ကြီးချုပ်က ထင်ရာတွေလျှောက်ပြောနေတာ ကျနော်တို့ ဒေသခံတွေလုံးဝကို ရှုတ်ချပါတယ်၊ ဝန်ကြီးချုပ် အဲဒါတွေ သိနိုင်အောင်လို့ ကိုယ်တိုင်လည်း နယ်မြေကွင်းဆင်းစေချင်ပါတယ်၊ တကယ်လို့များ ကျနော်တို့ အခု သတင်းစာရှင်းလင်းပွဲနေ့ကနေစပြီးတော့များ ၇ ရက်အတွင်းကို ဝန်ကြီးချုပ် ဒီအကြောင်းနဲ့ပတ်သက်လို့ ထုတ်ပြန်မပေးဘူးဆိုခဲ့ရင် နေပြည်တော်ကို ဆန္ဒထုတ်ဖော်ပြီး လမ်းလျှောက်ပြီး ထုတ်ဖော်သွားမယ်"

အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီ က ၂၀၁၅ ခုနှစ် ဇွန်လမှာ လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ စီမံကိန်းကို ဒေသခံတွေက ကန့်ကွက်ကြောင်း အစိုးရဌာနဆိုင်ရာတွေထံ စာတင်တာတွေ ရှိသလို ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီစီမံကိန်းဟာ ကျေးရွာတွေနဲ့ နီးကပ်နေတာကြောင့် ရပ်ဆိုင်းပေးဖို့ ဒေသခံ ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပြီးခဲ့တဲ့ ဧပြီလက တင်ပြထားတယ်လို့ သိရပါတယ်။

မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို သဘောမတူတဲ့ ဒေသခံတွေ ကန့်ကွက်နေတဲ့ အချက်တွေဟာ ခိုင်လုံမှုမရှိဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်နေ့က ပြောခဲ့ပါတယ်။

စီမံကိန်းကြောင့် လတ်တလောမှာ ဒေသခံတွေ အသုံးပြုနေတဲ့ လမ်းတံတားတွေ ပျက်စီးနေပြီး သစ်ပင်ပေါင်း တစ်ထောင်ကျော် ခုတ်လှဲခံရသလို ရေတွင်းရေကန် ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org