အောင်သပြေကျေးရွာ ဒေသခံတွေအပေါ် စွဲဆိုထားတဲ့အမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို


2019.03.10
patheingyi-coal-622.jpg မန္တလေး၊ ပုသိမ်ကြီးမြို့နယ်က ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကုန်ထုတ်လမ်းချဲ့ထွင်ရာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ တောင်သူတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win‎/RFA

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ တရုတ်နည်းပညာနဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံ တည်ဆောက်နေတာကို ကန့်ကွက်တဲ့ ဒေသခံတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ ဒေသခံရွာသားတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့နဲ့ ကျောက်ဆည်ခရိုင် မြို့ပြအင်ဂျင်နီယာတို့က လမ်းတံတားဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၂၂ နဲ့ ၂၃ ၊ ငြိမ်းစုစီပုဒ်မ ၁၉၊ လမ်းပိတ်ဆို့မှုပုဒ်မ ၃၄၁၊ ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃ တို့နဲ့ ဒေသခံရွာသား ၁၈ ယောက်ကို တရားစွဲဆိုထားတယ်လို့ အောင်သပြေရွာသား ကိုကျော်ဇေယျ က RFA ကို ပြောပါတယ်။

ဒါ့အပြင် လမ်းတံတားဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲခံထားရသူတွေမှာ အသက် ၅၀၊ ၆၇ နှစ်နဲ့ ၇၆ နှစ်အရွယ် အမျိုးသမီး ၃ ယောက်နဲ့ အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက်တို့ ပါဝင်ပါတယ်။

အဲဒီထဲမှာ ၇၆ နှစ်အရွယ် အဖွားတစ်ယောက်ပဲ ကျန်းမာရေးအခြေအနေကြောင့် အာမခံရထားတာဖြစ်ပြီး ကျန်တဲ့သူတွေက အိုးဘိုအကျဉ်းထောင် အချုပ်ကနေ တရားရင်ဆိုင်နေရတာလို့လည်း သိရပါတယ်။

အဲဒီဘိလပ်မြေစက်ရုံက လမ်းချဲ့ရာမှာ လမ်းနဲ့မလွတ်လို့ဆိုပြီး ကျေးရွာဆိုင်းဘုတ်ကို ဖျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး စီမံကိန်းအကောင်အထည်ဖော်တဲ့ မြင့်ရင်းနှီးမြှုုပ်နှံမှုကုမ္ပဏီက တာဝန်ရှိသူတွေကို အကျိုးဖျက်စီးမှုနဲ့ ဒေသခံတွေ ဘက်က တရားစွဲဆိုထားတာကိုတော့ တရားရုံးဘက်က တရားသေလွှတ်ပေးခဲ့တဲ့အပေါ် ဒေသခံတွေက မကျေနပ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။