အောင်သပြေကျေးရွာသားတွေ တရားရုံးကို သပိတ်မှောက်


2019.03.15
patheingyi-coal-622.jpg မန္တလေး၊ ပုသိမ်ကြီးမြို့နယ်က ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကုန်ထုတ်လမ်းချဲ့ထွင်ရာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ တောင်သူတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win‎/RFA

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ခဲ့တာကြောင့် တရားစွဲခံရတဲ့ ဒေသခံရွာသားတွေဟာ အမှုကို ဆက်လက်မရင်ဆိုင်တော့ဘဲ သပိတ်မှောက်သွားမယ်လို့ အောင်သပြေရွာသားတွေက ပြောပါတယ်။

အောင်သပြေရွာသားတွေကို လယ်ဆည်ဝန်ကြီးက တရားစွဲခိုင်းတာကြောင့် စွဲရတာဖြစ်ကြောင်း တရားလိုအစိုးရဘက်က တရားခွင်မှာပြောဆိုခဲ့ရာမှာ ဝန်ကြီးကို ခေါ်ပေးဖို့ တရားစွဲခံရတဲ့ တောင်သူတွေက တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်ကို တရားသူကြီးက ခေါ်ပေးရန်မသင့်ကြောင်း ဆုံးဖြစ်တဲ့အပြင် ဒေသခံတွေကို ထောင်တစ်လစီချခဲ့တာတွေကြောင့် တရားရုံးကိုအယုံအကြည်မရှိဘဲ သပိတ်မှောက်တာဖြစ်ကြောင်း အောင်သပြေရွာသား ဦးရွှေအုန်းက ပြောပါတယ်။

အောင်သပြေကျေးရွာနဲ့ ကပ်ရပ်မှာတည်ဆောက်နေတဲ့ ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေတဲ့ ရွာသားတွေကို လမ်းတံတားဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ငြိမ်းစုစည်ဥပဒေပုဒ်မ ၁၉၊ လမ်းပိတ်ဆို့မှု့ ပုဒ်မ ၃၄၁၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့နဲ့ ရဲတပ်ဖွဲ့၊ တာဝန်ရှိသူတွေက တရားစွဲဆိုထားပါတယ်။

ဒီကနေ့မှာဆိုရင် ငြိမ်းစုစည်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရွာသား ၄ ယောက်ကို အမိန့်ချဖို့ရှိပြီး ရွာသားတွေက သပိတ်မှောက်ပြီး တရားရုံးချိန်းကိုမလာတာကြောင့် အမိန့်မချနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အမှုရင်ဆိုင်ဖို့ ပျက်ကွက်တဲ့ အောင်သပြေရွာသားတွေကို ဖမ်းဝရမ်းထုတ်မယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

အောင်သပြေရွာသားတွေဟာ သူတို့ကို ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရတာတွေကို ရုပ်သိမ်းပေးဖို့ အခုလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုထားကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။