ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံအတွက် လမ်းချဲ့ထွင်တဲ့ကိစ္စ ကန့်ကွက်မှုတွေရှိ
2018.10.05

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ တရုတ်နည်းပညာနဲ့ လည်ပတ်မယ့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကုန်ထုတ်လမ်းချဲ့ထွင်ရာမှာ ရွာသားတွေပိုင်တဲ့ မြေတွေ ပါဝင်တဲ့အတွက် တောင်သူတွေက ဒီနေ့ ကန့်ကွက်ခဲ့ပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။
အောင်သပြေကျေးရွာအနီးမှာ ဖောက်လုပ်နေတဲ့ ဒီကျေးရွာချင်းဆက်လမ်းရဲ့ မူလအကျယ်က ၁၈ ပေ ရှိပြီးဖြစ်ပေမယ့် ဘိလပ်မြေစက်ရုံ ကုန်ထုတ်လမ်းအတွက် ပေ ၅၀ အကျယ်ရှိတဲ့ လမ်းဖြစ်အောင် ချဲ့ထွင်တာဖြစ်ပါတယ်။
ဒေသအာဏာပိုင်ရဲတွေက လုံခြုံရေးယူပြီး အခုလို အင်အားအများအပြားနဲ့ လုပ်နေတာဟာ ဆူပူအောင်လုပ်တဲ့ ပုံစံဖြစ်နေတယ်လို့ အောင်သပြေကျေးရွာက ဦးရွှေအုန်းက ပြောပါတယ်။
"အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဆူပူအောင်လုပ်တယ်။ အာရုံလွဲပြီး အစိုးရနဲ့တိုက်ပေးတာ။ ကုမ္ပဏီရဲ့လက်ချက်ပါ။ ဒါကြောင့်မို့ လက်မခံနိုင်ပါဘူး။ အပြီးအပိုင်ဖျက်ပေးဖို့ တောင်းဆိုသွားမှာပါ"
ကျေးရွာတည်ဆောက်စဉ်ကတည်းက ၁၈ ပေလမ်းကို ယာမြေတွေထဲကနေ ပေးပြီးဖြစ်လို့ ထပ်မံမပေးနိုင်တော့ ဘူးလို့ အောင်သပြေကျေးရွာက ဒေသခံတွေက ပြောပါတယ်။
အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး ရွာသားတွေက ကန့်ကွက်တာတွေပြုလုပ်ခဲ့တဲ့အတွက် တရားရင်ဆိုင်နေကြရတာတွေလည်းရှိပါတယ်။
ရဲအင်အားအများအပြား လုံခြုံရေးပေးပြီး လမ်းဖောက်လုပ်နေတဲ့နေရာမှာ ရွာသားတွေက စီမံကိန်းရပ်တန့်ရေး ရွာကျိန်စာတိုက်တောင်းဆိုပွဲလည်း လုပ်ခဲ့ပါတယ်။
လမ်းပိုင်းချဲ့ထွင်နေတဲ့နေရာမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ပိုင်ကားနဲ့ ချိတ်မိပြီး ရွာသားတစ်ဦး ခြေထောက်အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။