ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှု ကန့်ကွက်တဲ့ ရွာသားတွေကို ရုံးထုတ်
2018.09.12

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အောင်သပြေကျေးရွာက ရွာသားတွေကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ သုံးကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။
ဒေသခံ ပြည်သူတွေကို စိတ်ဝမ်းကွဲစေတဲ့ အဲဒီကျောက်မီးသွေး ကုမ္ပဏီကို လက်ခံစရာမရှိဘူးလို့ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံရတဲ့ အောင်သပြေရွာက ဦးရွှေအုန်းက ပြောပါတယ်။
"ဒေသခံတွေက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေတဲ့အတွက် အစိုးရနဲ့ ပြည်သူကို ထိပ်တိုက်တွေ့အောင် လုပ်ပေးနေတယ်။ ပြဿနာတွေ အများကြီးတက်နေတယ်။ ဒီကုမ္ပဏီနဲ့ ပတ်သက်လာရင် ဒေသခံပြည်သူကစ၊ ရွာနီးနားပတ်ဝန်းကျင်အချင်းချင်း စိတ်ဝမ်းတွေကွဲလို့ ဒီကုမ္ပဏီကို လက်ခံစရာအကြောင်း မရှိတော့ပါဘူး"
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ သဘောနဲ့ ကျေးရွာအဝင်က ဇရပ်မှာ စုဝေးခဲ့တယ်ဆိုပြီး သက်ဆိုင်ရာ ရွာသား ၄ ယောက်ကို ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်လှစ်ခဲ့သလို နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြဖို့ ထွက်လာတဲ့ ရွာသားတွေထဲက ၅ ယောက်ကိုလည်း ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ခဲ့ကြတဲ့ ရွာသူရွာသားတွေဟာ လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ ပိတ်ဆို့မှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူခံရတာဖြစ်ပါတယ်။
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ခဲ့ကြတဲ့ ရွာသားတွေဟာ လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ ပိတ်ဆို့မှုဆိုတာတွေနဲ့ အရေးယူခံနေရပါတယ်။