လမ်းတံတားဥပဒေနဲ့ တရားစွဲခံထားရတဲ့ တစ်ဦး အာမခံရရှိ
2018.08.02

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်ရင်း လမ်းတံတားဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲဆိုခံထားရသူတွေထဲက အသက် ၇ဝ ကျော် အမျိုးသမီးကြီးတစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
လမ်းတံတားဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲခံထားရသူ ၄ ဦး၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရသူ ၄ ဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ဒီနေ့ စတင်ရုံးထုတ်ရာမှာ အသက် ၇ဝ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်အေး ကို အာမခံပေး လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးစည်သူက အခုလို ပြောပါတယ်။
"ပြီးခဲ့တဲ့ရုံးချိန်းကတည်းက ၄ ယောက်လုံး အာခံလျှောက်တယ်။ ဒေါ်အေးကိုတော့ ဆရာဝန်စစ်ဆေးပြီးမှ အာမခံပေးမယ်လို့ ဆုံဖြတ်ထားတာဖြစ်တဲ့အတွက် ဒီနေ့ ဆရာဝန်စစ်ဆေးပြီးတော့ ဒေါ်အေး အာမခံရတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ပြီးခဲ့တဲ့တစ်ချိန်းကတည်းက ငြင်းပယ်ခဲ့တယ်။ ၃ ယောက်လုံးက အသက်အရွယ်ကြီး ရင့်တဲ့သူဖြစ်နေတယ်။ အသက်အရွယ်ကြီးရင့်သူဆိုရင်၊ နာမကျန်းဖြစ်နေသူဆိုရင် အာမခံပေးရမယ်လို့ ဥပဒေ မှာပါပါတယ်။ အာမခံမရမချင်းတော့ ဆက်လက်ပြီးတော့ လျှောက်ထားသွားမှာပါ"
စီမံကိန်းတည်ဆောက်မှုကို ကန့်ကွက်နေတဲ့ ဒေသခံတွေကို အာမခံမရရှိနိုင်တဲ့ လမ်းတံတားဥပဒေနဲ့ တရားစွဲဆို ထားတာရှိသလို ဘိလပ်မြေစက်ရုံတည်ဆောက်နေတဲ့ မြင့်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ပြင်ပတာဝန်ခံကလည်း ပုဒ်မ ၃၄၁ ပိတ်ဆို့မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
မြင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းဟာ အောင်သပြေကျေးရွာနဲ့ ကပ်လျက်အနေအထားမှာ တည်ရှိတာကြောင့် ဒေသခံရွာသားတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။