အောင်သပြေ အသက် ၇၀ အရွယ်တစ်ဦး အပါအဝင် ၃ဦး အာမခံမရ


2018.07.31
aungthapyay-villagers-622.jpg ပုသိမ်ကြီးမြို့နယ် ရဲစခန်းကို ၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့က လာရောက်အဖမ်းခံတဲ့ အောင်သပြေရွာသားတွေကို တွေ့ရစဉ်
Photo: Khaymani Win/RFA

လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ပုသိမ်ကြီးမြို့နယ်က ဒေသခံ ၇ ဦးဟာ မြို့နယ်ရဲစခန်း မှာ ဒီနေ့လာရောက် အဖမ်းခံရာ ၄ ဦး အာမခံရရှိခဲ့ပြီး ၃ ဦးက အာမခံမရရှိတဲ့အတွက် အိုးဘိုထောင်ကို ပို့ဆောင်ခံ လိုက်ရပါတယ်။

အမှုဖွင့်ခံထားရသူတွေ ရဲစခန်းကိုလာရောက်ဖို့ အကြိမ်ကြိမ်ဆင့်ခေါ်နေတဲ့အတွက် အခုလိုလာရောက်အဖမ်းခံ တာဖြစ်တယ်လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ အောင်သပြေကျေးရွာက ဦးရွှေအုန်း က ပြောပါတယ်။

"ပုဒ်မ ၂၂ နဲ့ တောင်သူ ၄ ဦးကို တရားစွဲထားပါတယ်။ တစ်ဦးက ဒေါ်မြမြက ၂၄ ရက်နေ့က အဖမ်း ခံထားရပြီးပြီ။ ကျန်တောင်သူ သုံးဦးကို ပို့ပါ ပို့ပါဆိုပြီး အကြိမ်ကြိမ်ဆင့်ခေါ်လို့ တောင်သူတွေက ကြောက်လို့လန့်လို့ လာပို့ရတာပါ။ အဲထဲမှာ ငြိမ်းစုစီသမားတွေရော ဆင့်ခေါ်လို့လာရတာပါ။ မလာခဲ့လို့ရှိရင် ဝရမ်းထုတ်မယ် အကြိမ်ကြိမ်ပြောခံရလို့ တရားဥပဒေအတိုင်းရင်ဆိုင်ဖို့ လာခဲ့ရတာပါ"

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ လာရောက်အဖမ်းခံသူ ၄ ဦးဟာ အာမခံရရှိခဲ့ပေမယ့် လမ်းတံတားဥပဒေ ပုဒ်မ ၂၂ နဲ့ လာရောက်အဖမ်းခံသူ ၃ဦးက အာမခံမရခဲ့ပါဘူး။ ဒီနေ့ အာမခံ မရရှိသူ ၃ဦးထဲမှာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။

သူတို့ဟာ အောင်သပြေကျေးရွာအနီးမှာ ဆောက်လုပ်တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေကြသူတွေဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ လုပ်ငန်းခွင်သုံး စက်ယန္တရားတွေ အသုံးမပြုနိုင်အောင် ပုသိမ်ကြီးမြို့နယ် အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းကို တားဆီးကြရင်း နယ်နိမိတ်ကို ကျူးကျော်ခြံခတ်တယ်ဆိုပြီး လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့နဲ့ အမှုဖွင့်ခံထားရ တာဖြစ်ပါတယ်။

လမ်းတံတားဥပဒေနဲ့ အမှုဖွင့်ခံထားရသူတွေထဲက ဒေသခံအမျိုးသမီးတစ်ဦးကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက် ကတည်းက ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။