မြန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသားအမှုမှာ မြန်မာစာနယ်ဇင်းအဖွဲ့မကူညီ

မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား Ross Dunkley ဟာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတာဖြစ်တဲ့ အတွက် တစုံတရာ ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေး ကော်မတီ Committee for Professional Conduct (CPC) ရဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

2011.02.15
ross_dunkley_myanmar_times_305_z.png သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (ပုံ) သည် ဗီယက်နမ်နှင့် ကမ္ဘောဒီယား နိုင်ငံများတွင် သတင်းစာများ ထုတ်ဝေနေကာ ၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်လည်း မြန်မာတိုင်းမ် ဂျာနယ်ကို ထုတ်ဝေနေသူ ဖြစ်ပါသည်။ (Photo: AFP PHOTO / HO / PHNOM PENH POST)
AFP PHOTO / HO / PHNOM PENH POST

“ရော့စ် ဒန်ကလေကိစ္စနဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော်တို့ ဒီ သတင်းထောက်များ အဖွဲ့ကနေပြီးတော့ ဆောင်ရွက်ပေးရန် အစီအစဉ် လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ ဆောင်ရွက်ပေးရမဲ့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ဒီ ဒန်ကလေ ဖြစ်တဲ့ ကိစ္စဟာ ကျွန်တော်တို့ လုံးဝ ဆီလျော်မှုလည်း မရှိပါဘူး၊ ကိုက်ညီမှုလည်း မရှိပါဘူးခင်ဗျ။”

CPC လို့ခေါ်တဲ့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီဟာ ပြည်တွင်းက သတင်း မီဒီယာတွေနဲ့ သတင်းထောက်တွေ အရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ပုဂ္ဂလိက သတင်းမီဒီယာတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ စာပေစိစစ်ရေးဌာနနဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့တို့ သုံးပွင့်ဆိုင် ပူးပေါင်းပြီး မကြာခင်ကမှ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဒန်ကလေဟာ မြန်မာတိုင်းမ်ဂျာနယ်ကို ၂၀၀၀ ခုနှစ်ကစလို့ ရန်ကုန်မြို့မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အပတ်စဉ် ထုတ်ဝေလာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ အင်္ဂါနေ့က နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး လောလောဆယ် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မစ္စတာ ဒန်ကလေ ဖမ်းဆီးခံရတာဟာ သူ့ရဲ့ နေအိမ်မှာ တရားမဝင် ဆေးခြောက် တွေ့ရှိမှု၊ ဗီဇာရက်ကျော် နေထိုင်မှုတွေကြောင့်အပြင် မစ္စတာ ဒန်ကလေ ၄၉ ရာနှုန်း ပိုင်ဆိုင်တဲ့ မြန်မာတိုင်းမ်ဂျာနယ်ကို စစ်အစိုးရက အပိုင်စီး လိုတဲ့ အတွက် ဖြစ်ကြောင်း သတင်းတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အခု သီတင်းပတ်အတွင်း ထုတ်ဝေတဲ့ ဂျာနယ်တချို့ကတော့ မစ္စတာ ဒန်ကလေဟာ မြန်မာ အမျိုးသမီးငယ်တဦးနဲ့ လိင်ကိစ္စ ပျော်ပါးပြီးနောက် ညှဉ်းပန်း နှိပ်စက်မှု ကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရတာလို့ ရေးသား ဖော်ပြကြ ပါတယ်။

မစ္စတာ ဒန်ကလေ ထိန်းသိမ်းခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးနဲ့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကို- (စာရေးဆရာနဲ့ သတင်းစာဆရာ-ကိုကို စက်မှု တက္ကသိုလ်) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-15 20:19

ဟားဟား....ဘူဘူချင်းတစ်လုပ်နေတဲ့သူတွေပါ.........။