ကြေးနီစီမံကိန်းဒေသ မှာ လျော်ကြေးငွေ နောက်ဆုံး ထုတ်ရမယ့်ရက် ကြေညာ
2013.08.09
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်တဲ့ မြေယာလျော်ကြေးငွေတွေကို လာမယ့်စက်တင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ရမယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ကျေးရွာပေါင်း၂၆ ရွာက မြေဧကပေါင်း ၆၉ဝဝ ကျော်ပါဝင်နေတာဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီက သီးနှံအလိုက် တစ်ဧကကို ကျပ်ငွေ ၁၂ သိန်းကနေ ၁၅ သိန်းအထိ ပေးလျော်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
အစိုးရက လျော်ကြေးငွေတွေပေးနေပေမယ့်လည်း လျော်ကြေးလက်မခံတဲ့ ဒေသခံအတော်များများရှိတယ်လို့ သိရပါတယ်။ လက်ရှိအစိုးရကပေးတဲ့လျော်ကြေးဟာ ပြန်လည်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့် အဲဒီငွေကိုလက်ခံဖို့ မဖြစ်နိုင်ကြောင်း တုံရွာမှနေတဲ့ ကိုအောင်သန်းမျိုးက RFA ကို ပြောပါတယ်။
“ဒေသခံတွေက ထိုက်တန်တဲ့လျော်ကြေး မရမချင်း ဆက်လက်ပြီး တိုက်ပွဲဝင်နေမှာပဲ၊ ထိုက်တန်တဲ့လျော်ကြေးဆိုတာ လယ်ယာမြေ တစ်ဧကဆိုလို့ရှိရင် ပျဉ်းမျှခြင်း တစ်နှစ်မှာကျနော်တို့ စိုက်ပျိုးထွန်ယက်တာတောင် ၇ သိန်းလောက် ဝင်တယ်လေ၊ အဲဒါကျနော်တို့က တစ်သက်လုံးစွန့်ရမယ်ဆိုတော့ ဒါကတော့ သူတို့ပေးတဲ့လျော်ကြေးနဲ့ လုံးဝမဖြစ်နိုင်ပါဘူးခင်ဗျ၊ သူတို့ကတော့ အများဆုံး ၁၅ သိန်း၊ အနည်းဆုံး ၁ဝ သိန်း သတ်မှတ်ထားတယ်ခင်ဗျ၊ ကျနော်တို့ကတော့ မပေးလည်း ထွန်ယက်စိုက်ပျိုးခြင်းကို လုပ်သွားမယ်”
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြေယာလျော်ကြေး စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၂၈ဝဝ နီးပါးအထိ ပေးလျော်ခဲ့တာကြောင့် သိမ်းဆည်းထားတဲ့မြေရဲ့ ၄ဝ ရာခိုင်နှုန်းကျော်ကို ပေးလျော်ပြီးပြီဖြစ်ကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ပါရှိပါတယ်။
စီမံကိန်းကြောင့် သိမ်းဆည်းလိုက်တဲ့မြေတွေအတွက် လျော်ကြေးငွေတွေကို ပြီးခဲ့တဲ့ မတ်လ၁၆ ရက်နေ့ကတည်းက သိမ်းဆည်းမြေယာ စိစစ်ရေးအဖွဲ့ကစစ်ဆေးပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေးငွေ ထုတ်ပေးနေတာလို့လည်း သိရပါတယ်။