မြစ်ကမ်းပါးပြိုမှုကြောင့် ကျေးရွာ ၃ ရွာက လူနေအိမ်တွေ အရေးပေါ်ပြောင်းရွှေ့နေရ
2016.09.19

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်က ဘိုလေးကျွန်းကျေးရွာ၊ ညောင်ပင်စုကျေးရွာနဲ့ နှစ်အိမ်တန်း ကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုနေတဲ့ အတွက် ရွာလုံးကျွတ်နီးပါး နေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။
တချို့နေအိမ်တွေပြောင်းရွှေ့ဖို့အခက်အခဲဖြစ်နေတယ်လို့ ဇလွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလင်းနိုင်ထွန်း က ပြောပါတယ်။
"လတ်တလောတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေရတယ်။ ပြောင်းရွှေ့ဖို့အတွက် ပြန်လည်နေရာ ချထားပေးဖို့ လောလောဆယ် မရှိသေးဘူးပေါ့ သူတို့ဘာသူတို့ တချို့လဲပြောင်းစရာမြေရှိတယ် တချို့လည်း ပြောင်းစရာမြေမရှိဘူး။ တရွာထဲသားချင်း အနီးအနား အတူနေနေရတာပေါ့"
နှစ်အိမ်တန်းကျေးရွာက ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပြောင်းရွှေ့နေရပြီး ဘိုလေးကျွန်းကျေးရွာ မှာရှိတဲ့ အိမ်ခြေ ၁၅၀ နီးပါးထဲက နေအိမ် ၄၀ နီးပါးပြောင်းရွှေ့နေရပါတယ်။ ညောင်ပင်စုကျေးရွာမှာ နေအိမ် ၅၀ နီးရှိပြီး အရေးပေါ်အနေနဲ့ အိမ်ခြေ ၄၀နီးပါး ပြောင်းရွှေ့ထားရပြီဖြစ်ပါတယ်။
ဇလွန်မြို့နယ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာ ၅ ရွာ နီးပါးရှိပါတယ်။