ရေတိုက်စားတာကြောင့် လူ ၂ဝဝဝ ကျော် ပြောင်းရွှေ့
2016.04.21

ပဲခူးတိုင်းဒေသကြီးအတွင်းက သနပ်ပင်မြို့နယ် ကလပ်ခုံရွာဟောင်းနဲ့ ကဝမြို့နယ်အတွင်းက ရွှေတဆုတ်ကျေး ရွာတွေဟာ စစ်တောင်းမြစ်ရေတိုက်စားတာကြောင့် ကမ်းပါးတွေပြိုကျပြီး ဒေသခံ ၂ဝဝဝ ကျော် ရွှေ့ပြောင်းနေကြ ရပါတယ်။
အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့ ကဝနဲ့ သနပ်ပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတွေဆီ ဒီနေ့ အသနားခံစာပေးပို့ခဲ့တယ်လို့ ကဝမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောပါတယ်။
"နေအိမ်ဆောက်ဖို့ မြေနေရာဝယ်ဖို့လည်း လိုအပ်တာပေါ့နော်၊ လယ်တွေကို ပြန်ဝယ်ရမှာ ဆိုတော့ မြေနေရာဝယ်ဖို့လည်း အခက်အခဲရှိတယ်၊ အိမ်တွေဆောက်ဖို့လည်း အခက်အခဲနည်းနည်း ရှိတာပေါ့၊ အဲ့အတွက်ကိုပဲ အခု ကျနော်တို့တင်ပြတာလေ၊ အစိုးရအနေနဲ့ ကူညီနိုင်သလောက်ကို ကူညီဖို့ပေါ့"
လက်ရှိမှာ သနပ်ပင်မြို့နယ်၊ ကလက်ခုံကျေးရွာက အိမ်ခြေ ၃ဝဝ ကျော်နဲ့ ရွှေတဆုတ်ကျေးရွာက အိမ် ခြေ ၂ဝဝ ကျော်က ဒေသခံတွေဟာ ကမ်းပါးနဲ့ဝေးတဲ့ လယ်ကွင်းတွေထဲမှာ ယာယီတဲထိုး နေထိုင်နေကြတာ ဖြစ် ပါတယ်။
အဲ့ဒီနေရာတွေမှာ မြေနေရာအလွတ်တွေ မရှိတော့တာကြောင့် အစိုးရအနေနဲ့ လယ်ပိုင်ရှင်တွေထံက မြေဝယ်ယူ ပြီး မြေနေရာပြန်လည်ချထားပေးနိုင်ဖို့ တောင်းဆိုပေးတာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး ကမ်းပါးတွေတစ်စတစ်စပြိုကျခဲ့တာကြောင့် နေအိမ်တွေ စတင်ပြောင်းရွေ့ခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီလနဲ့ ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာလုံးကျွတ် ပြောင်းရွှေ့ ရတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီအသနားခံစာကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေအမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မိုးမြင့်အောင်၊ ကဝမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးညွှန့်ရွှေနဲ့ ဦးမျိုးခိုင်တို့က လက်မှတ်ရေးထိုး ပေးပို့လိုက်တာဖြစ်ပါတယ်။