ဧရာဝတီမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် ထောက်ပံ့ရေး စတင်


2018.02.16
pregnancy-622.jpeg ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို မြင်ရစဉ်
Photo: AFP

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်၂ နှစ်အောက် ကလေးတွေအတွက်  လစဉ် ထောက်ပံ့ငွေပေးမယ့် အစီအစဉ် ကို ဧရာဝတီတိုင်းမှာ စတင်တော့မယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း က ပြောပါတယ်။

အဲဒီထောက်ပံ့ရေး အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် တစ်လကို ကျပ်တစ်သောင်းခွဲ ထောက်ပံ့မှာဖြစ်တယ်လို့ ဦးအောင်မင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ  ပြောပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်နဲ့ ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား လစဉ် ကျပ် ၁ သောင်း ၅ ထောင် ထောက်ပံ့ပေးခြင်းကို ဝရာဝတီတိုင်းဒေသကြီးအတွင်းမှာ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ် ပါတယ်၊ လက်ရှိမှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နာဂဒေသတို့တွင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်"

ဒါ့အပြင် အရင်က သက်ကြီးရွယ်အိုတွေအတွက် ထောက်ပံ့တဲ့ အစီအစဉ်မှာ အကျုံးဝင်သူတွေအဖြစ် အသက် ၉၀ အရွယ် အဘိုးအဘွားတွေ သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ အသက် ၈၅ နှစ်ကနေ ၉၀ ကြားအဖြစ် အသက်သတ်မှတ်ချက် လျှော့ချလိုက်တယ်လို့ ပြောပါတယ်။

အဲဒီ အသက်ကန့်သတ်ချက်ပြည့်မီတဲ့ အဘိုးအဘွားတွေအတွက် တစ်လကို ငွေကျပ် တစ်သောင်းနှုန်းနဲ့ အစိုးရက ထောက်ပံ့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ထေက်ပံ့ရေး အစီအစဉ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒေသဖွံ့ဖြိုးမှု အားနည်း တဲ့ ဒေသတွေနဲ့ ဆင်းရဲမွဲတေမှုများတဲ့ ဒေသတွေမှာ စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။