မြစ်ရေကြီးမှုကြောင့် ပြောင်းဖူးစိုက်ဧက ၂ ထောင်လောက် ပျက်စီး


2017.08.13
ayeyarwaddy-high-level-622.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတက်လာတာကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသမှာ ဧရာဝတီမြစ်ရေကြီးလာတာကြောင့် တာလောကြီး၊ စံကင်း၊ ခေါင်းဖူး စတဲ့ ရွာတွေက ပြောင်းဖူး စိုက်ဧက နှစ်ထောင်လောက် ရေနစ်မြုပ်ပျက်စီးသွားပါတယ်။

တောင်သူ အယောက် နှစ်ရာစိုက်ပျိုးထားတဲ့ ပြောင်းဖူးတွေ ပျက်စီးဆုံးရှုံးရတာတွေကို အစိုးရထံတင်ပြဖို့ စာရင်းကောက်ယူနေတယ်လို့ တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူး က ပြောပါတယ်။

"လင်းကင်းကွင်းဆိုရင် တကွင်းလုံးမြုပ်သွားတယ်ဗျ။ နောက် နန့်လော့ကွင်းမြုပ်တယ်။ အထက်ပိုင်းက နန့်မလိကွင်းဆို သုံးကွင်း၊ လေးကွင်းလောက်မြုပ်သွားတယ်ဗျ။ လယ်ဧက လေးငါးဆယ်လောက် ပဲရှိမယ်။ ကျန်တဲ့ဟာ ပြောင်းခင်းတွေ။ ရိတ်သိမ်းကာနီးနေပြီ တောင်သူတွေဆို တော်တော်လေး ဆုံးရှုံးမှု ဖြစ်သွားတယ်ဗျ။ ပြောင်းခင်းတွေပဲ အဓိကထားပြီးမှ တောင်သူတွေ ဆုံးရှုံးသွား တာပေါ့။ တောင်သူဦးရေ နှစ်ရာလောက်ရှိမယ်။ စုစုပေါင်းဧကလည်း နှစ်ထောင်အနည်းဆုံးတော့ ရှိမယ်ဗျ။ ခေါင်ဖူးရယ်၊ စံကင်းရယ်၊ တာလောကြီးရယ် သုံးရွာပေါ့။ သက်ဆိုင်ရာ အစိုးရကိုတင်ပြဖို့ အတွက် စာရင်းတွေကောက်ခံနေပါတယ်ခင်ဗျ။"

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေလျှံတက်လာတာကြောင့် တာလောကြီး-ရွှေညောင်ပင် ကားလမ်းကို ပိတ်ထားရတာ လေးရက်ရှိနေပြီဖြစ်တဲ့ အတွက် တာလောကြီးကနေ ဝိုင်းမော်နဲ့ မြစ်ကြီးနားဘက် ကို လောလောဆယ်မှာ သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း သိရပါတယ်။

မြစ်ရေတက်လာတာကြောင့် တာလောကြီးရွာ အနိမ့်ပိုင်းရပ်ကွက် ၃ ခုမှာ နေအိမ် ခြံဝင်းတွေထဲ ရေဝင်နေသလို စံကင်း-တာလောကြီး လမ်းသွားလို့မရ တာကြောင့် စံကင်းကနေ တာလောကြီးမှာ ကျောင်းတက်မယ့် ကျောင်း သားတွေလည်း လာရောက်နိုင်ခြင်းမရှိပါဘူး။

အလားတူ ဧရာဝတီမြစ်ရေကြီးနေတာကြောင့် ဆင်ဘိုဒေသက တာဟိုးနား၊ ညောင်ပင်သာ၊ ငှက်ပျောတော စတဲ့ ရွာသုံးရွာက လယ်နဲ့ ပြောင်းစိုက်ဧက ၁၀၀ ကနေ ၃၀ ကြား ရေနစ်မြုပ်နေတယ်လို့ ဆင်ဘိုမြို့ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

မြစ်ရေဝင်ရောက်နေတာကြောင့် မြင်သာ၊ တာဟိုးနား၊ ရေနားပင်လုံစတဲ့ ရွာတွေက အ.မ.က ကျောင်း ၃ ကျောင်းကိုလည်း ဒီကနေ့မနက်ကစပြီး ယာယီပိတ်ထားရပါတယ်။ ဒါ့အပြင် ဆင်ဘိုမြို့က အနိမ့်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာတချို့မှာလည်း ရေစဝင်နေပြီဖြစ်ပါတယ်။

ဆင်ဘိုမြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်ဟာ ၂၄၀၀ စင်တီမီတာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ ၂၂၆၈ စင်တီမီတာကို ရောက်ရှိနေပါတယ်။

မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်ပေမယ့် မြစ်အောက်ပိုင်းဒေသတွေဖြစ်တဲ့ တာလောကြီး၊ ဆင်ဘို၊ ဗန်းမော်၊ ရွှေကူ၊ ကသာ စတဲ့ မြို့ရွာတွေဘက်မှာ ဧရာဝတီမြစ်ရေတွေ စတင်ဝင် ရောက်နေတာ ဖြစ်ပါတယ်။

နောက်ပိုင်းရက်တွေမှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်နဲ့ ရွှေကူမြို့တွေရဲ့ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်ပြီး ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြ တဲ့ ဒေသခံတွေအနေနဲ့ ရေကြောင်း ခရီးကို သတိပြုသွားလာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။