ဧရာဝတီတိုင်းက ရေဘေးသင့်သူတွေကို WFP ထောက်ပံ့ကူညီ
2024.08.27

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက ရေဘေးသင့်ပြည်သူ သုံးသောင်းခွဲကျော်အတွက် ဆန်နဲ့ စားနပ်ရိက္ခာတွေ စတင်ထောက်ပံ့ကူညီနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားသူတွေကို ဆန်နဲ့ အားဖြည့်ဘီစကစ်အပြင် မိခင်နဲ့ ကလေးတွေအတွက် အာဟာရတွေ ထောက်ပံ့ကူညီမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသမှာ လူဦးရေ ငါးသိန်းနီးပါးရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အကူအညီတွေကို ဧရာဝတီတိုင်းမှာ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် ပေးအပ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းအတွင်း စားနပ်ရိက္ခာ မပြတ်လပ်စေဖို့ ကူညီပေးတာလို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
“မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဥ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်”
ရေလွှမ်းမိုးမှုမဖြစ်ခင်က ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူတစ်သန်းခွဲကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ မြန်မာနိုင်ငံ လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်အရသိရပါတယ်။
WFP ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာလည်း ဧရာဝတီတိုင်းတွင်းက လယ်မြေဧက သိန်းနဲ့ချီ ရေနစ်မြုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းအတွင်းက ရေကြီးနစ်မြုပ်မှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့နယ်မြေတွေအတွင်း စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေသလို အသေးစားတောင်သူလယ်သမားတွေကို ပံ့ပိုးကူညီပေးဖို့လည်း အရေးကြီးနေတယ်လို့ WFP က အကြံပြုထားပါတယ်။
WFP အနေနဲ့ ပဲခူး၊ ကချင်၊ ကရင်၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ရေဘေးဒုက္ခသည် တစ်သိန်းသုံးသောင်းကျော်အတွက် အသက်ကယ်ဆယ်ရေးနဲ့ ရိက္ခာအကူအညီတွေ ပေးအပ်ခဲ့ပြီးဖြစ်သလို ရခိုင်ပြည်နယ်မှာလည်း လိုအပ်ချက်တွေကို လေ့လာဆန်းစစ်နေပြီး အကူအညီပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။