ဗန်းမော်မြို့မှာ လူ ၂၀၀ ကျော် ရေဘေးသင့်


2017.08.14
bamaw-flooding-622.jpg မြစ်ကြီးနားမြို့နယ် တာလောကြီးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးက ရေနစ်မြုပ်နေတဲ့ ပြောင်းစိုက်ခင်တစ်ခုကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Ko Lay Facebook

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင်း အိမ်ထောင်စု ၆၀ ကျော် က လူဦးရေ ၂၀၀ ကျော်ဟာ ယာယီကယ်ဆယ်ရေးစခန်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဧရာဝတီမြစ်ရေတက်လာလို့ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ဗန်းမော်ခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာနမှူး ဦးမြင့်ဋ္ဌေးက RFA ကို အခုလို ပြောပါတယ်။

"၁၁၀၃ ရောက်တော့ စိုးရိမ်ရေမှတ်ကိုတော့ ရောက်ခါနီးပြီပေါ့နော်။ မြို့ပေါ်သုံးရပ်ကွက်ကတော့ ကျနော်တို့ ယာယီစခန်းတွေဘုန်းကြီးကျောင်းမှာ ဖွင့်ထားတာတော့ရှိတယ်။ အိမ်ထောင်စုက ၆၁ စု ၂၄၀ လူဦးရေ ၂၄၀။ ပေါက်ကုန်းကတော့ ၇၅ ဦး အိမ်ထောင်စု ၁၇ စု၊ ခွန်သာက အိမ်ထောင်စု ၄၀ လူဦးရေက ၁၄၆၊ နောက်တခုက မင်းကျောင်းကုန်း အိမ်ထောင်စု ၄ စု လူဦးရေ ၁၉ ဦး။ တိုးလာဖို့တော့ရှိတယ်။ ဒီကျေးရွာတွေကျတော့ သူတို့က ကျတော့ အိမ်အောက်က ရေဝင်ပေမယ့်လည်း အပေါ်ဆင့်ပေါ့နော် အပေါ်ထပ်မှာနေကြတယ်"

ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပါတယ်။

မြစ်ရေဝင်ရောက်နေတာကြောင့် ဗန်းမော်မြို့က ခွန်သာနဲ့ မြစ်အနောက်ဘက်ကမ်း လက်ပံတန်း၊ ကောင်းဆင့်၊ ရေ လဲစတဲ့ ရွာ ၁၀ ရွာလောက်က စာသင်ကျောင်းတွေကိုယာယီပိတ်ထားရပါတယ်။

အလားတူ ရွှေကူမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ ဒီကနေ့ နေ့လည်ပိုင်း ၂ နာရီအချိန်တိုင်းထွာ ချက်အရ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာကို ကျော်လွန် ပြီး ၉၄၄ စင်တီမီတာကို ရောက်ရှိ နေပါတယ်။

လောလောဆယ်မှာ ရွှေကူမြို့ရဲ့ အမှတ် ၂ နဲ့ အမှတ် ၄ ရေပြန်ရပ်ကွက်မှာရေဝင်နေပြီး တပ်မတော်နဲ့ အစိုးရဌာန ဆိုင်ရာတွေက ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နေပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့စပြီး မြစ်ကြီးနား၊ တာလော၊ ဆင်ဘို စတဲ့မြို့ရွာတွေဘက်မှာ ဧရာဝတီ မြစ်ရေလျှံခဲ့ပြီး ပြန်လည်ကျဆင်းနေရာမှာ အခုအခါ ဗန်းမော်နဲ့ ရွှေကူမြို့တွေဘက်ကို မြစ်ရေတွေ ရောက်ရှိလာတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့တာကြောင့် ဆင်ဘိုဒေသက ပြောင်းဧက ၄၀၀ ကျော်နဲ့ စပါးဧက ၃၀၀ လောက် ရေနစ်မြုပ်ခဲ့ပြီး မြင်သာနဲ့ တာဟိုးနားရွာတွေက စာသင်ကျောင်းနှစ်ကျောင်းကို ယာယီပိတ်ထားတယ်လို့ ဆင်ဘိုမြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တာလောကြီးဒေသမှာလည်း ပြောင်းဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့သလို ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့ကို ဆက်သွယ်သွားလာနေတဲ့ တာလောကြီး - ရွှေညောင်ပင် ကားလမ်းရေကျော်နေလို့ ပိတ်ထားရတာ ဒီကနေ့ဆို ၅ ရက်ရှိပြီဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ် အောက်ပိုင်းဒေသဘက်ကို ရောက်ရှိမှာဖြစ်တာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ ရေကြောင်းခရီးကို သတိပြုသွားလာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။