လူကြမ်းမင်းသား အရိုင်းမင်း အောက်ဆီဂျင်ကျပြီး ကွယ်လွန်
2021.07.23
ရုပ်ရှင်သရုပ်ဆောင် အရိုင်းမင်းဟာ ဒီနေ့ ဇူလိုင်လ ၂၃ ရက် မနက် ၇ နာရီမှာ ရန်ကုန်မြို့ သန်လျင်ဘုရားကုန်း က နေအိမ်မှာ အောက်ဆီဂျင်ကျပြီး ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သိရပါတယ်။
သရုပ်ဆောင် အရိုင်းမင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီဖြစ်သလို နှလုံးရောဂါအခံရှိသူ ဖြစ်တယ် လို့လည်း သူနဲ့တွဲဘက်ပြီး လုပ်ကိုင်ဖူးတဲ့ သရုပ်ဆောင် မျိုးဝင်းက လှုမှုကွန်ယက်မှာ ရေးသားထားပါတယ်။
သူဟာ ၁၉၇၉ ခုနှစ်က မြဝတီ-မဲဆောက်မှာ လက်ဝှေ့သမားဘဝနဲ့ ကျင်လည်ခဲ့ပြီးနောက် သရုပ်ဆောင် လောကထဲကို ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ သရုပ်ဆောင် အရိုင်းမင်းဟာ ရုပ်ရှင်သရုပ်ဆောင်လောကမှာ နှစ် ၄၀ ကျော်ကြာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။