ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကို စစ်ကောင်စီတပ် ပစ်တာလို့ မျက်မြင်ဆရာတော် မိန့်ကြား

RFA Burmese
2024.06.20
ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကို စစ်ကောင်စီတပ် ပစ်တာလို့ မျက်မြင်ဆရာတော် မိန့်ကြား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ပင့်ဆောင်လာသော ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်အား ပဲခူးမြို့၊ ကျောင်းတိုက်တွင် ထားရှိသည့် မြင်ကွင်း။ (Citizen Photo)
Citizen Photo

[Update: 12:07 AM, June 21, 2024]

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ပျံလွန်တော်မူတာဟာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခဲ့တာကြောင့်လို့ မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

“ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”

ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်မှုအောက်က MRTV သတင်းမှာ ဇွန် ၁၉ ရက်ညက ပြည်သူကို လိမ်ညာပြီး ကြေညာခဲ့ပါတယ်။

“PDF အမည်ခံအကြမ်းဖက်သမားများရဲ့ မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်မှာ ပျံလွန်တော်မူနေတဲ့ ဆရာတော်တစ်ပါးအပါအဝင် ဒဏ်ရာရရှိနေတဲ့ ဆရာတော်တစ်ပါးနဲ့ ယာဉ်မောင်းတို့အား တွေ့ရှိကယ်ထုတ်နိုင်ခဲ့ပါတယ်”

ဇွန်လ ၁၉ ရက်နေ့ ပစ်ခတ်မှုဖြစ်ချိန် ကားပေါ်မှာ အတူလိုက်ပါလာတဲ့ ကန်သုံးဆင့်ဆရာတော်က ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ ကျန်တဲ့သံဃာတွေကို ဖြစ်စဉ်အသေးစိတ် ပြန်လည်မိန့်ကြားခဲ့တဲ့ ဗီဒီယိုမှာတော့ စစ်သားတွေက သေနတ်နဲ့ ခုနစ်ချက် ရှစ်ချက်လောက် ဝိုင်းပစ်ခဲ့တာလို့ မိန့်ခဲ့တာဖြစ်ပါတယ်။

“ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့၊ ဖောကားပေါ်မှာပါတဲ့။ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ၊ ရက်စက်လှချည်လား။ အရှင်ဘုရားတို့ကဗျာ ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”

ကားပေါ်မှာ ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံ နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ ရန်ကုန်က ကန်သုံးဆင့်ဆရာတော် နဲ့ ယာဉ်မောင်းတို့လိုက်ပါလာခဲ့တာပါ။ ယာဥ်မောင်းက လက်ကို ထိပြီး လက်သုံးချောင်းပြတ်သွားခဲ့တယ်လို့လည်း ကန်သုံးဆင့်ဆရာတော်က မိန့်ပါတယ်။

ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခွဲက ပစ်ခတ်မှု ဖြစ်ခဲ့ပေမဲ့ ညနေ ၅ နာရီလောက်မှ ဆေးကုသမှုခံယူဖို့ စီစဥ်ခဲ့ရတယ်လို့လည်း ကန်သုံးဆင့်ဆရာတော်က မိန့်ကြားပါတယ်။

"အရှင်ဘုရားတို့ ဖုန်းတွေလည်းပေးပါ။ ဘယ်မှလဲ ဖုန်းမဆက်ပါနဲ့။ အဲဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ ဆွမ်းလည်း မဘုန်းပေးရပါဘူး။ ဒကာတို့ ဒီတိုင်းနေလို့တော့ မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ ပုဂ္ဂိုလ်ကတော့ ပျံလွန်တော်မူသွားပြီ။ ဘုန်းကြီးက အသက်ရှိနေသေးတယ်။ ဘုန်းကြီးရဲ့ခေါင်းမှာ ကုရဦးမှာ။ ရွာပြန်ခွင့်ပြုပါဆိုတာ တော်တော်နဲ့ မပြုပါဘူး"

ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် နှစ်နာရီလောက်ဘယ်မှ ဆက်သွယ်ခွင့်မပေးဘဲ အဲဒီနေရာမှာပဲ တားမြစ်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေပြီး ချက်ချင်းဆေးကုသခွင့်မပေးဘဲ ညနေ ၅ နာရီလောက်မှ ဆေးရုံကို ပို့ခွင့်ရခဲ့တယ်လို့လည်း ကန်သုံးဆင့်ဆရာတော်က အဲဒီဗီဒီယိုထဲမှာ မိန့်ကြားခဲ့ ပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနပွဲကို ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ပဲခူးမြို့၊ ကျောင်းတိုက်သို့ ပင့်ဆောင်လာသော ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်အား ဂါရဝပြုနေကြသည့် မြင်ကွင်း။ (Photo: Facebook/ Ashin Sanda Zawti)
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ပဲခူးမြို့၊ ကျောင်းတိုက်သို့ ပင့်ဆောင်လာသော ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်အား ဂါရဝပြုနေကြသည့် မြင်ကွင်း။ (Photo: Facebook/ Ashin Sanda Zawti)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တာကို ဝန်မခံဘဲ ဗြောင်လိမ်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ် က စစ်တပ်ဟာ အမှန်ကို ဝန်မခံဘဲ နိုင်ငံနဲ့ ပြည်သူကို လိမ်ညာလှည့်ဖြားပြီး သတင်းထုတ်ပြန်တာ၊ မသက်ဆိုင်တဲ့သူတွေကို အပြစ်လွှဲချတာဟာ အရှက်ကင်းမဲ့တဲ့ အပြုအမူတွေလို့ ဝေဖန်ပါတယ်။

“သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်လာတယ်ဆိုရင် ဆရာ‌တော်သံဃာတော်မကဘူး၊ ဘယ်သူ့ကိုမဆို အချိန်မရွေး နေရာမ‌ရွေးမှာ ပစ်ခတ်သတ်ဖြတ်ဖို့ဝန်မလေးဘူး၊ ပစ်ခတ်သတ်ဖြတ်ပြီးတဲ့နောက်မှာလည်း သူတို့လုပ်တာမဟုတ်ပါဘူးဆိုပြီး အခြားသူတွေကို လွှဲချပြီးတော့ သတင်းတု သတင်းမှားတွေ ဖြန့်ချိတယ်ဆိုတဲ့ လုပ်ရပ် နှစ်ခုလုံးက အကြမ်းဖက်စစ်အုပ်စုတွေက တောက်လျှောက်လုပ်ခဲ့တာ ဖြစ်ပါတယ်”

ပြည်တွင်း စစ်ရေးပဋိပက္ခတွေမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဘယ်လိုပစ်ခတ်တိုက်ခိုက်မှုမျိုးမဆို စစ်တပ်က ဝန်ခံတာ မရှိခဲ့ပါဘူး။ အာဏာစသိမ်းချိန်ကာလကလည်း နေပြည်တော်က မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးက မကြယ်စင်တို့ ဦးခေါင်းကို အပစ်ခံရတဲ့ ကျည်ဆန်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျည်ဆန်မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုခဲ့ပါသေးတယ်။

(မှတ်ချက်။ ဤသတင်းတွင် နောက်ဆုံးရသတင်းအချက်အလက်များအား ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။