ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ တောင်းဆို


2019.10.18
bago-prime-minister-winthein-622.jpg ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို တွေ့ရစဉ်
Photo: Nattalin Township Info Committee NLD

ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောဆိုခဲ့တာကို အစိုးရက အခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပြောဆိုချက်ကို အစိုးရက အခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိတာဟာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်ပြီး စော်ကားနေတဲ့ သဘောဆောင်နေတာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း မနေ့ကနေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ကျေးရွာဒေသ ခံတွေ တင်ပြတဲ့ ဆရာ/ဆရာမတွေ နေထိုင်ရေးနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာ၊ ဆရာမတွေ ဒီကရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျအောင် လူငယ်လေးတွေက ဆရာမတွေကို ရည်စားစကား လိုက်ပြောကြဆိုတဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုမှုဟာ ဆရာ/ဆရာမတွေရဲ့ ဘဝလုံခြုံမှုအပေါ် မထီမဲ့မြင်ပြုရာကျတဲ့အပြင် လိင်အကြမ်းဖက်မှု သဘောကိုပါ အားပေးအားမြှောက်ပြုတဲ့ စကားရပ်နဲ့ ဆရာမထုတစ်ရပ်လုံးအပေါ် အထင်အမြင်သေး နှိမ့်ချစော်ကားခဲ့တာဖြစ် တယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်အဆင့်အတန်းနဲ့ လျော်ညီမှုမရှိတဲ့ ဦးဝင်းသိန်းကို လက်ရှိရာထူးက အမြန်ဆုံးဖယ်ရှားပြီး အရေးယူ မှုတွေလုပ်ပေးဖို့နဲ့ ဆရာ/ဆရာမတွေကိုအပေါ် စော်ကားမှုတွေအတွက် တရားဝင်ဝန်ချတောင်းပန်မှုကို အစိုးရအဖွဲ့က အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့အနေနဲ့ တာဝန်ခံဆောင်ရွက်မှု ပျက်ကွက်ခဲ့ရင်တော့ မိတ်ဖက်ဆရာ/ဆရာမသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့လက်တွဲပြီး ဆရာ/ဆရာမတွေရဲ့ တရားမျှတမှုအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းကြေညာထားပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း အစိုးရအနေနဲ့ ဝန်ကြီးချုပ်ကို အမြန်ဆုံးအရေးယူပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုးထားသလို ဒီကနေ့မှာလည်း နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တိုင်ကြား စာပေးပို့မယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ သူ့အနေနဲ့ ပေ့ါပေါ့ပါးပါးပြောခဲ့တာဖြစ်ပေမယ့် နစ်နာတယ်လို့ယူဆရင် တောင်းပန်တယ်လို့ RFA ကို ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။