ဗကသကျောင်းသားဟောင်း ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီးခံရ
2017.08.02

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့က ကေတုအိုးဝေ တော်လှန်ရေး သံချပ်အဖွဲ့ ဦးဆောင်သူ နှစ်ဦးထဲက ဗကသ ကျောင်းသားဟောင်း ကိုအောင်ထက် ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ မနေ့က ဖမ်းဆီးလိုက်ပါတယ်။
တောင်ငူမြို့နယ် တရားရုံးမှာ ထုချေရှင်းလင်းဖို့ ဇူလိုင်လ ၁၈ ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး မနေ့က သွားရောက်ချိန် သူ့ကို တခါတည်း ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ကိုအောင်ထက်ရဲ့အမျိုးသမီးဖြစ်သူ မအိအိခိုင်က ပြောပါတယ်။
"ဆင့်ခေါ်စာခေါ်ပြီး ရုံးချိန်းခေါ်တဲ့အခါကျတော့ ကျမတို့သွားလိုက်တယ်။ ကျမလည်းပါတယ်။ သွားလိုက်တဲ့ အခါကျတော့ ကိုအောင်ထက် ရုံးခန်းထဲဝင်မယ်၊ တရားသူကြီးကလည်း ရောက်နေပြီဆိုတော့ ဝင်သွားတဲ့ အခါကျတော့ ဝင်ဝင်ချင်းပဲ တရားသူကြီးက ကိုအောင်ထက်တဲ့ ၅၀၅ (ခ)နဲ့ တရားစွဲထားတယ်။ သိလားတဲ့။ ကိုအောင်ထက်က သိတယ်တဲ့။ အဲဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းတယ်တဲ့ဆိုပြီး ဖမ်းသွားတယ်။ ဘာမှအစစ်ဆေး အမေးမြန်းမရှိဘူး။"
ပြီးခဲ့တဲ့ သြင်္ကန်ကာလ ကေတုအိုးဝေတော်လှန်ရေး သံချပ်အဖွဲ့က စပ်ဆိုခဲ့တဲ့ သံချပ်စာသားတွေထဲမှာ တပ်မတော်ရဲ့ ပုံရိပ်ကိုထိခိုက်စေတဲ့ စာသားတွေပါဝင်လို့ဆိုပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးတစ်ယောက်က ကိုအောင် ထက် ကို တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။
ကိုအောင်ထက်အပြင် ကေတုအိုးေ၀ တော်လှန်ရေးသံချပ်အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုဗစ်တာကိုလည်း ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ကိုအောင်ထက်ကို တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး လာမယ့် သြဂုတ် ၁၅ ရက်မှာ ရုံးထုတ်စစ်ဆေးမှာဖြစ် တယ်လို့ သိရပါတယ်။