ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း အာမခံရရှိ
2017.08.15

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်း သားဟောင်း ကိုအောင်ထက် ကို တောင်ငူမြို့နယ်တရားရုံးက ဒီကနေ့ အာမခံပေးလိုက်ပါတယ်။
ထောင်တွင်းမှာ အကျဉ်းသားတစ်ဦးက ကိုအောင်ထက်ရဲ့ ခေါင်းကို ကျောက်ခဲနဲ့ ထုလိုက်တဲ့အတွက် ဒဏ်ရာပြင်းထန်ပြီး ဆေးကုသဖို့ လိုအပ်တာကြောင့် အာမခံလျှောက်ထားလိုက်တာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"တပ်ပြေးမှုရယ်၊ လုယက်မှုရယ်၊ ဓါးပြမှုတွေ ဘာတွေနဲ့ ထောင်တစ်သက် လွတ်ရက်မရှိကျနေတဲ့ ရာဇဝတ်အကျဉ်းသား ညီညီနိုင် ကနေပြီးတော့ သူ့ကို အခန်းထဲဝင်ပြီးတော့ ခေါင်းကို ကျောက်ခဲနဲ့ ထုပါတယ်၊ ခေါင်းမှာ ဒဏ်ရာတွေ အမြောက်အမြားရရှိခဲ့တယ်၊ တရားရုံးကို ပတ်တီးကြီးနဲ့ ထွက်လာ ရတဲ့အတွက် ဆေးစာလည်းပဲ ပါလာပါတယ်၊ အဲဒီအတွက် တရားရုံးက ကိုယ်တိုင်ကို ဒဏ်ရာကို ပတ်တီးဖြည်ကြည့်တယ်၊ ကျနော်တို့ရဲ့ တင်ပြချက်ကို နားထောင်တယ်။"
ပြီးခဲ့တဲ့ သြဂုတ်လ ၆ရက်နေ့မနက်က ကျောက်ခဲနဲ့ထုခံရတာဖြစ်ပြီး လက်ရှိအချိန်အထိ ကိုအောင်ထက် ဟာ ခေါင်းမူးနောက်တဲ့ဝေဒနာ ခံစားနေရတယ်လို့လည်း ပြောပါတယ်။
အဲဒီလိုဖြစ်တာဟာ ထောင်အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ပေါ့လျော့မှု တာဝန်ပျက်ကွက်မှု၊ တာဝန်မကျေ မှုကြောင့် ဖြစ်ရတာလို့လည်း ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
ထောင်တွင်းမှာ ကျောက်ခဲလိုမျိုးအရာဟာ အလွယ်တကူမရနိုင်တာကြောင့် ကြိုတင်ကြံစည်မှုလို့ မှုခင်းရှုထောင့်အရ သုံးသပ်ကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သြင်္ကန်ကာလမှာ ကေတုအိုးဝေတော်လှန်ရေး သံချပ်အဖွဲ့က စပ်ဆိုခဲ့တဲ့ သံချပ်စာသားတွေထဲမှာ တပ်မတော်ရဲ့ ပုံရိပ်ကိုထိခိုက်စေတဲ့ စာသားတွေပါဝင်လို့ဆိုပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူး တစ်ယောက်က သံချပ်အဖွဲ့ဦးဆောင်သူတွေဖြစ်တဲ့ ကိုအောင်ထက်နဲ့ ကိုဗစ်တာ တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-ခ နဲ့ သြဂုတ်လ ၂ ရက်နေ့မှာ ကိုအောင်ထက် အဖမ်းခံခဲ့ရပေမယ့် ကိုဗစ်တာကတော့ လက်ရှိ အချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။