ကျောင်းသားလှုပ်ရှားမှု သံဃာနဲ့ ကွန်မြူနစ်ပါတီ ထောက်ခံ


2015.02.10
mdy-students-march-305 အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။
Photo: Nay Thwae/RFA

ပညာရေးဥပဒေ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ ကို အကြမ်းဖက်တားဆီးတာတွေ ရှောင်ကြဉ်ဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကွန်ရက်က အစိုးရကို မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ တောင်းဆိုနေတာကို အစိုးရအနေနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ ဒီကြေညာချက်ကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကွန်ရက်က ဆရာတော် ဦးထေရိန္ဒ က

"ကျောင်းသားတွေ မြို့နယ်ခရိုင်တွေကနေပြီးတော့ ချီတက်လာတဲ့အခါမှာ ရဲတပ်ဖွဲ့တွေ လုံခြုံရေး တပ်ဖွဲ့တွေ တအားများနေတဲ့အခါကျတော့ ကျောင်း သားတွေကို အကြမ်းဖက်ပြီးတော့ အရေးယူမှာ စိုးရိမ်တဲ့အတွက် ကြေညာချက်ထုတ်လိုက်တာပါ"

ဒီအတောအတွင်းမှာပဲ ကျောင်းသားသပိတ်ဟာ အမျိုးသားရေးတာဝန် ထမ်းဆောင်တာဖြစ်သလို၊ ဒီနေ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတဲ့အတွက် ထောက်ခံတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ လိုလားချက်ကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းမှ တိုင်းပြည်နဲ့လူထုအတွက် အလားအလာကောင်းမယ်လို့ ဗကပပြောခွင့်ရပုဂ္ဂိုလ် ဦးဖိုးသံချောင်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်နေတဲ့ ကျောင်းသားတွေရဲ့လုံခြုံမှုဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိတဲ့အတွက် ပြည်သူတွေဝန်းရံပေးကြဖို့နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အစိုးရက ကျောင်း သားတွေကို အကြမ်းမဖက်အောင် တောင်းဆိုပေးကြဖို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။