ရှစ်လေးလုံး အကြမ်းဖက်နှိမ်နင်းမှု အတွက် တောင်းပန်ဖို့ အစိုးရကို တိုက်တွန်း


2013.08.07

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိတ်ကာလမှာ အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကို တရားဝင်တောင်းပန်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လက်ရှိအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုလင်းထက်နိုင်က ပြောပါတယ်။

"အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုလို့ရှိရင် စစ်တပ်ကနေတာဝန်ခံပြီး ကူးပြောင်းလာတဲ့ အစိုးရအနေနဲ့ တရားဝင်တောင်းပန်ပြီးမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စပြီးတော့လုပ်သင့်တဲ့အကြောင်း တိုက်တွန်းထားတယ်၊ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကိုပဲ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ဆိုတာပါတယ်၊ နောက် တကယ်စေတနာပါပါနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ကမ်းလှမ်းမှုကို ကျနော်တို့တောင်းဆိုတာပါ”

အလားတူ ဗကသများအဖွဲ့ချုပ်(ရမည်းသင်းခရိုင်)ကလည်း ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် သဘောထားအဖြစ် အချက် ၈ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ခရိုင်အတွင်းရေးမှူး ကိုအောင်ထက်နိုင်က အခုလိုပြောပါတယ်။

"သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကိုလည်း ရန်ကုန်၊ မန္တလေးလိုမျိုး မြို့ကြီးတွေမှာရော ကျန်တဲ့မြို့တွေမှာပါ ကျင်းပနေတယ်၊ အဲဒီအချိန် ရန်ကုန်မှာ ကျင်းပတဲ့ပွဲဆိုလို့ရှိရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး ပွဲစီစဉ်တဲ့သူတွေကနေပြီးတော့ မူဝါဒတစ်ခု ချမှတ်ထားတာတွေ့ ရတယ်၊ ဒါပေမယ့် အတိုက်အခံဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြွေးကြော်နေပေမယ့် တစ်ဘက်ကအသံတွေက တိတ်ဆိတ်နေတာတွေ့ရတယ်ဗျ၊ ဒါကြောင့်အစိုးရအနေနဲ့ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံနေ့ကို ပြည်သူ့ဒီမိုကရေစီနေ့အဖြစ် မသတ်မှတ်သေးသရွေ့ ကျနော်တို့ကလည်း အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်မပြုသေးတဲ့အကြောင်း ကို ကြေညာချက်ထဲမှာထည့်ပြီး ထုတ်ပြန်ထားတာပါ”

ကြေညာချက်ပါ အချက် ၈ ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒအတိုင်း အမြန်ဆုံးပြင်ဆင်ဖို့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနေတာ၊ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားလူငယ်တွေ ကို စောင့်ကြည့်တာတွေရပ်ဖို့၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဖို့စတဲ့အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။