ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုရဲမင်းဦး ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား


2013.03.28

ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြားထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

"၂၅ ရက်နေ့ည ၉ နာရီကျော်လောက်ကပါ၊ အရပ်ဝတ်အရပ်သား နှစ်ယောက်ပေါ့၊ လူနှစ်ယောက်တက်လာပြီးတော့ သူ့ကိုခေါ်တယ်ပေါ့၊ ကြေးသွန်းဘုရားကြီးရှေ့မှာ ကြံရည်ဆိုင်မှာသွားပြီး စကားပြောကြပါတယ်တဲ့၊ အဲဒါကို မသင်္ကာလို့ အနောက်က ကိုယ်တော်နှစ်ပါးက စောင့်ကြည့်တယ်ပေါ့၊ နောက်ထပ်လူငါးယောက် အားလုံးခုနှစ်ယောက်ကတဲ့ ဘင်ကားနဲ့ ကိုရဲမင်းဦးကို ခေါ်သွားပါတယ်၊ ထူးခြားတဲ့ဖြစ်စဉ်ဆိုလို့ ဘာမှကိုမေးမြန်းစုံစမ်းလို့ မရဘူးခင်ဗျ၊ နောက်ကျနော်ကနေ ၂၆ ရက်နေ့ မနက်မှာပဲ ဗဟန်းရဲစခန်းမှာ အမှုစဖွင့်တယ်၊ လူပျောက်နဲ့ဖွင့်ထားတယ်၊ ဒီနေ့မနက်လည်းထပ်သွားပါသေးတယ်၊ သူတို့က လူပျောက်တဲ့ကိစ္စကလွဲပြီး ဘာမှမသိရသေးပါ၊ ဘာမှစုံစမ်းလို့ မရသေးပါဆိုပြီး အတည်ပြုချက်ပေးပါတယ်ခင်ဗျ "

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအပါအဝင်  နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးကွန်ရက် အဖွဲ့အစည်းတွေဆီကိုလည်း ပျောက်ဆုံးနေတဲ့ အခြေအနေကို ရေးသားပေးပို့သွားမယ်လို့ ကိုဖိုးသားက ဆိုပါတယ်။

ကိုရဲမင်းဦးဟာ အသက်၂၆ နှစ်ရှိပြီး ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ဖြစ်မြောက်ရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ရခိုင်လူငယ်ကွန်ရက်မှာလည်း တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။