လက်ပန်းတောင်းသပိတ် ဖြိုခွဲမှု ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ
2012.11.30
ယခု အကြမ်းဖက်မှုအတွက် သံဃာနှင့်ပြည်သူကို အမြန်ဆုံးပြန်လည်တောင်းပန်ပါ၊ လက်ပန်းတောင်းတောင် အကြမ်းဖက်မှုများ ချက်ခြင်းရပ်၊ လူအချင်းချင်း ညှဉ်းဆဲခြင်း ကင်းရှင်းကြပါစေ စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်၊ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ အရှင်ဦးသြသရက သမ္မတဦးသိန်းစိန်ထံပေးပို့တဲ့ သံဃာတော်များရဲ့ကြေညာချက်ကို အခုလို ဖတ်ကြားပါတယ်။
“စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ပြည် ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်သော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ လယ်မြေယာမြေများ ပျက်စီးဆုံးရှုံးမှု ဘာသာ၊ သာသနာ၊ ရှေးဟောင်း စေတီပုထိုး အမွေအနှစ်များ ဖျက်စီးမှှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ရပ်ဆိုင်းပေးရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုအပ်သော ဒေသခံပြည်သူများနှင့် သံဃာတော်များကို မြန်မာအစိုးရမှ လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခြင်းအတွက် ထိုင်းနိုင်ငံရှိ မြန်မာရဟန်းတော်များမှ အောက်ပါအချက်များအား တောင်းဆိုလိုက်သည်”
သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေမှာ မတရားအကြမ်းဖက်ဖြိုခွင်းမှုများကို လုံးဝရပ်ဆိုင်းရန်၊ ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်ပေးရန်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့စည်းပြီး အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူပေးရန်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများ၏ သေဆုံးမှု၊ဒဏ်ရာရမှုများကို အစိုးရမှ တာဝန်ယူပေးရန် စသည်တို့အပါအဝင် အချက်(၅)ချက် ပါဝင်ပါတယ်။
ဦးဆောင်သံဃာတော်ဖြစ်တဲ့ အရှင်တေဇကတော့ သံဃာတော်တွေ သဘောထားကို အခုလိုမိန့်ပါတယ်။
“ဦးဇင်းတို့ရဲ့ တောင်းဆိုမှုကို အစိုးရက မလိုက်နာဘဲနဲ့ ဆက်လက်ပြီးတော့ ဒီအတိုင်းပဲ ဖြိုခွင်းနေမယ်ဆိုလို့ရှိရင်၊ ဦးဇင်းတို့ကတော့ ပြည်တွင်းပြည်ပ သံဃာတော်တွေအားလုံး စုပေါင်းပြီးတော့ မိမိနိုင်ငံရဲ့ ကောင်းကျိုးကို အတတ်နိုင်ဆုံး ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ဦးဇင်းတို့အစီအစဉ်တွေ ရှိပါတယ်၊ ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် အစိုးရတို့လည်း အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးတော့ ဒီကိစ္စတွေကို အဖြေရှာနိုင်ဖို့အတွက် ဦးဇင်းတို့ ဆန္ဒပြုပါတယ်”
အဲဒီနောက် အစိုးရအနေနဲ့ သံဃာနဲ့ပြည်သူကို အမြန်ဆုံးပြန်လည်တောင်းပန်ပါလို့ ကြွေးကြော်ပြီး၊ မေတ္တာသုတ် များရွတ်ဆိုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်ပါတယ်။