မြန်မာ သတင်းသမား နှစ်ယောက် ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံရ
2017.09.15

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူတဲ့ မြန်မာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကော့ဘဇာမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AFP သတင်းအရ သိရပါတယ်။
အဲဒီဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ယောက် လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင် စီအနေနဲ့ တောင်းဆိုသွားမယ်လို့ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ ဦးအောင်လှထွန်း က RFA ကိုပြောပါတယ်။
မြန်မာသတင်းထောက် နှစ်ယောက်အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကိုလည်း အကြောင်းကြားထားတယ်လို့ ဦးအောင်လှထွန်း ကပြောပြပါတယ်။
ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်သံအမတ်နဲ့တွေဆုံဖို့ ဘင်္ဂလားဒေ့ရှ်သံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ရုံးဆင်းချိန် ဖြစ်နေ တာကြောင့် ဆက်သွယ်မရခဲ့ကြောင်းလည်းပြောပါတယ်။
သမ္မတရုံးဝန်ကြီးဦးဇော်ဌေးရဲ့ လူမှုကွန်ယက် စာမျက်နှာနဲ့ Twitter ပေါ်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် နှစ်ယောက်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို မေးမြန်းမယ်လို့ ရေးသားထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့ဟာ ဂျာမန်မဂ္ဂဇင်းတစ်ခုအတွက် သတင်းဓာတ်ပုံမှတ်တမ်းတင်ပေးတဲ့ အလွတ်တန်းသတင်းသမား နှစ်ဦးဖြစ်ပါတယ်။