ထိုင်းနယ်ခြားဂိတ် ကရင်အဖွဲ့က ပိတ်ထား
2015.03.25
မြန်မာနဲ့ ထိုင်းနယ်စပ် မဲဆောက်နဲ့ ထာ့ဆောင်ရန်းခရိုင်အတွင်း သောင်ရင်းမြစ်တလျှောက်က မြန်မာဘက်ခြမ်း မှာရှိတဲ့ လှေဆိပ်တွေကို ပိတ်ထားလိုက်တာကြောင့် ထိုင်းဘက်က ကုန်တင်လှေတွေ အခက်တွေ့နေရကြောင်း ဘန်ကောက်ပို့စ်သတင်းကဖေါ်ပြပါတယ်။
လောင်စာဆိတင်ပို့မှုကို ထိုင်းဘက်က တင်းကြပ်လိုက်တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ ကရင်နယ်ခြားစောင့်တပ်က သူတို့ထိန်းချုပ်ထားတဲ့ လှေဆိပ် ၂၃ ခုကို ပိတ်လိုက်တာဖြစ်နေတယ်လို့ဆိုပါတယ်။
ထိုင်းဘက်ကမ်းက လောင်စာဆီကို သောင်ရင်းမြစ်ကို ပိုက်လိုင်းကတဆင့်ဖြတ်ပြီး မြန်မာဘက်ခြမ်း မြဝတီမြို့ကို တင်ပို့နေရာမှာ၊ မကြာခင်ကတော့ ထိုင်းအာဏာပိုင်တွေက လောင်စာဆီကို ချစ်ကြည်ရေးတံတားကသာ တင်ပို့ရမယ်လို့ ပိတ်ပင်လိုက်ပါတယ်။ အဲ့ဒီနောက် လောင်စာဆီတင် ထရပ်ကား ၄ဝ ကို ထိုင်းရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့က မဲဆောက်မှာ ရပ်တန့်ထားလိုက်ပါတယ်။
ဒါကြောင့် မြဝတီမြို့မှာ လောင်စာဆီ ရှားပါးပြတ်လပ်သွားခဲ့ပါတယ်။ ဒီ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ ကရင် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ချစ်ထူး က လှေဆိပ်တွေကိုပိတ်ဖို့ အမိန့်ပေးလိုက်တာဖြစ် မယ်လို့ လေ့လာသူတွေက ယုံကြည်နေကြကြောင်း ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
မြန်မာနဲ့ ထိုင်းအစိုးရ အာဏာပိုင်တွေထိန်းချုပ်တဲ့ ချစ်ကြည်ရေးတံတားကတော့ ပုံမှန်အတိုင်းဖွင့်နေတာမို့ ကုန်စည်တွေဟာ အဲဒီတံတားကပဲ ကူးဖြတ်နေရပါတယ်။